#Local_News
Published _ 2 July 2022
အိန္ဒိယနိုင်ငံမှ ဝယ်လိုအားမြင့်တက်မှုများခြင်းကြောင့် ပြည်တွင်းမတ်ပဲစျေးနှုန်းသည် အမြင့်ပိုင်းတွင်ရှိနေကြောင်း မန္တလေးပွဲရုံမှ သိရသည်။
မန္တလေးပဲစျေးကွက်အတွင်း မတ်ပဲစျေးနှုန်းဟာ ယခင်က ပဲတစ်အိတ်လျင် ငွေကျပ် ၁သိန်းရှိခဲ့ကာ ယခု ပဲတစ်လျင် ငွေကျပ် ၁သိန်း ၅သောင်း ၅ထောင်အထိ မြင့်တက်လာခဲ့ပြီး ငါးသောင်းကျော်မြင့်တက်လာခဲ့ကြောင်း ယင်းမှသိရသည်။
၂၀၂၂ ခုနှစ် မတ်ပဲရာသီအတွင်း စျေးကွက်ထဲတွင် ဆောင်းသီးနှံအဖြစ်စိုက်ပျိုးသည့် မတ်ပဲနှင့် နွေရာသီမှာ သီးထပ်စိုက်ပျိုးသည့် မတ်ပဲများကို စျေးကွက်မှာ ရောင်းချနေ လျက်ရှိကြောင်းလည်း မန္တလေးပွဲရုံမှ သိရသည်။
မတ်ပဲသည် နိုင်ငံခြားပို့ကုန်များအနက် အရေအတွက်အများဆုံးတင်ပိုရသည့်နံပါတ် ၁ နေရာတွင်ရှိနေသောကြောင့် နှစ်စဥ် နိုင်ငံခြားဝင်ငွေ အများဆုံးရရှိနေကြောင်းလည်း သိရသည်။
ymg/NN
#Yangon_Media_Group
Published 2 July 2022
မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေတဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ PRAK Sokhonn ဟာ ဒီကနေ့ ဇူလိုင်(၂)ရက် နံနက်ပိုင်းက ရန်ကုန်မြို့မှာ နိုင်ငံရေးပါတီ(၇)ခုမှ တာဝန်ရှိသူတွေနှင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။
အထူးကိုယ်စားလှယ်နှင့်တွေ့ဆုံဖို့စီစဉ်ထားတဲ့ နိုင်ငံရေးပါတီတွေက ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ တအောင်း(ပလောင်) အမျိုးသားပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်၊ရခိုင်အမျိုးသားပါတီ၊ ရခိုင်ဦးဆောင်ပါတီနှင့် မွန်ညီညွတ်ရေးပါတီတို့ဖြစ်ကြပါတယ်။
ရခိုင်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဋ္ဌေးတို့ ကိုယ်တိုင်တက်ရောက်လာတာတွေ့ရတယ်လို့ သတင်းအရင်းအမြစ်တစ်ခုက YMG ကိုပြောပြပါတယ်။
တွေ့ဆုံမှုနှင့်ပတ်သက်လို့ နိုင်ငံရေးပါတီတွေက သတင်းထုတ်ပြန်ကြလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။
-ymg/knl
#MyanmarNews
Published 2 July 2022
ရှမ်းပြည်နယ်( အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ နေရပ်သို့ပြန်လာကြသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမားအမျိုးသား၊ အမျိုးသမီးစုစုပေါင်း( ၁၆၆ )ဦးကို ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်၌ မော်တော်ယာဉ်များဖြင့် မိမိနေရပ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရပါတယ်။
ဇွန်လ ၂၈ ရက်နေ့က ထိုင်းနိုင်ငံ မယ်ဆိုင်မြို့က တဆင့် တာချီလိတ်မြို့ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား(၂)မှ ပြန်လည်ဝင်ရောက်လာခဲ့ကြရာတွင် ဝမ်လုံး Quarantine Certre ၌( ၄ )ရက်ကြာထားရှိပြီး နှာခေါင်းနှင့် အာခေါင်တို့ဖတ်ရယူ၍ RDT စက်ဖြင့် ထပ်မံစစ်ဆေးအတည်ပြုချက်ရယူရတွင် ပိုးကင်းစင်သူ( ၁၆၆ )ဦးကို တာဝန်ရှိသူများက မိမိနေရပ် တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ပြန်လည်ပို့ဆောင်ပေးခြင်း ဖြစ်ကြောင်း၊ ကိုဗစ်ပိုးတွေ့ရှိသူအမျိုးသား၊ အမျိုးသမီးစုစုပေါင်း(၁၇)ဦးသည် ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် သတ်မှတ်ကာလအထိ ကိုဗစ် စင်တာတွင် ဆက်လက်နေထိုင်ရမည်ဖြစ်ကြောင်း သိရပါတယ်။
နေရပ်ပြန်ရွှေ့ပြောင်းအလုပ်သမားများကို မြို့နယ် ကိုဗစ် ၁၉ ရောဂါ ကာကွယ်ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ဆောင်ရွက်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်ဦးကျော်နှင့် တာဝန်ရှိသူများက လိုက်ပါပို့ဆောင်ပေးခဲ့ပြီး မေတ္တာရှင် လူမှုကူညီရေးအသင်းဝင်များက အုပ်ချုပ်ရေးနှင့်လူမှုရေးကိစ္စရပ်ကို ကူညီ စောင့်ရှောက်ပေးလျက်ရှိကြောင်းသိရှိရပါတယ်။
ymg/ys-tcl
#Yangon_Media_Group
#Local_News
Published - 2 July 2022
မြို့တွင်းပြေးဆွဲနေသည့် YBS ယာဥ်လိုင်းများပေါ်တွင် ယာဉ်အကူတွေလိုက်ပါလာပြီး ယာဉ်စီးခ ၅၀၀ ကျပ်နှင့်အထက် ပိုမိုကောက်ခံသည့် YBS ယာဉ်အစီးရေ ၁၂၀ ကျော်ကို တစ်နှစ်ပြေးဆွဲခွင့်ပိတ်ပြီး အရေးယူထားကြောင်း YRTC မှသိရသည်။
ယင်းအပြင် ယာဉ်စီးခ ပိုတောင်းသည့် ယာဉ်အစီးရေ ၄၆ စီးကို ခြောက်လပိတ် ခြင်း၊ ယာဉ်အကူ လိုက်ပါပြီး ပြေးဆွဲသည့် ယာဉ် ၂၅၁ စီးကို သုံးလပိတ်သည့်အပြင် ခရီးစဉ်မှတ်တမ်းမပါသည့် ယာဉ် ၁၁၂ စီးကို သုံးလပိတ်၍ အရေးယူထားကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်း YBS ယာဉ်လိုင်းပေါင်း ၁၁၆ လိုင်း၊ ယာဉ်အစီးရေ သုံးထောင်ကျော်ဖြင့် နေ့စဥ်ပုံမှန်ပြေးဆွဲပေးနေကြောင်း သိရသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဥ်များတွင် ယာဉ်နောက်လိုက်များ လိုက်ပါပြီး ယာဉ်စီးခပိုမိုကောက်ခံမှုများရှိနေကြောင်း ခရီးသည်များထံမှ သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published _ 2 July 2022
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေရောင်းဝယ်ခြင်း အခွန်စည်းကြပ်မှု အမြင့်ဆုံးနေရာအဖြစ် ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းတစ်လျောက် သတ်မှတ်ထားကြောင်း အခွန်ဦးစီးဌာနမှ သိရသည်။
မြေရောင်းဝယ်ခြင်းအပေါ် အခွန်စည်းကြပ်ရမည့်နှုန်းထားများအား စတုရန်းပေများနှင့် သတ်မှတ်ထားရှိပြီး ယင်းသတ်မှတ်နယ်မြေများ၌ အရောင်းအဝယ်ပြုလုပ်သည့်အခါ ၁ စတုရန်းပေကို ငွေကျပ် ၃သိန်းခွဲ သတ်မှတ်ထားကြောင်း ယင်းမှသိရသည်။
ယင်းစည်းကြပ်မှုနှုန်းထားကို ၂၀၂၁-၂၀၂၂ မီနီဘတ်ချက်ကာလာတွင်း ၆လအတွင်းသတ်မှတ်ထားပြီး ယခင်က ၁ စတုရန်းပေ ကို ငွေကျပ် ၃သိန်းသတ်မှတ်ထားကာ ယခုတွင် ငွေကျပ် ၃သိန်းခွဲအဖြစ် သတ်မှတ်ကာ လ ထပ်မံတိုးမြှင့်ထားကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published - 2 July 2022
ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီးတွင် ဝါတွင်းတရားပွဲများကို ဝါဆိုလပြည့်နေ့ဇူလိုင် (၁၂)ရက်မှစတင်ပြီး အပတ်စဥ်ဥပုသ်နေ့တိုင်းကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်၊၊
ဂေါပကအဖွဲ့မှကြီးမှူး၍ နှစ်စဥ်ဝါတွင်းဥပုသ်နေ့များတွင် တရားပွဲများကျင်းပပြုလုပ်လေ့ရှိပြီး ကိုဗစ်ဖြစ်ပွားမှုများကြောင့် ယာယီရပ်နားခဲ့ရခြင်းမျိုး ရှိခဲ့ကာ
ယခုနှစ်တွင် ပြန်လည်ကျင်းပခြင်းဖြစ်သည်၊၊
ဝါတွင်းကာလ ဝါဆိုလပြည့်နေ့ဇူလိုင်(၁၂)ရက်မှ သီတင်းကျွတ်လပြည့်နေ့အောက်တိုဘာလ(၉)ရက်အထိအပတ်စဥ် ဥပုသ်နေ့တိုင်းတရားပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်၊၊
ဗိုလ်တထောင်စေတီတော်တွင် ဝါတွင်းကာလ ဥပုသ်နေ့တိုင်း နံနက်(၁၀)နာရီခွဲတွင် ဗိုလ်တထောင်မြို့နယ်ရှိ ဆရာတော်သံဃာတော်များက သီလပေးမည်ဖြစ်ပြီးနေ့လည်(၁၂)နာရီခွဲတွင် သြဝါဒစရိယဆရာတော်ကြီးများ၊ တိပိဋကဓရဓမ္မဘဏာဂါရိက ဆရာတော်ကြီးများ၊ ဓမ္မကထိကဆရာတော်ကြီးများက တရားတော်ဟောကြားသွားမည်ဖြစ်ကာ ညနေ(၃)နာရီတွင် နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့မှ တရားတော်များ ဟောကြားသွားမည်ဖြစ်ကြောင်း ဗိုလ်တထောင်စေတီတော် ဘဏာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရသည်၊၊
ymg/tthl
#Yangon_Media_Group
Published 1 July 2022
တက္ကသိုလ်ပညာရပ်များကို ဆည်းပူးသင်ယူနိုင်မည့် Naypyitaw State Academy (NSA)ကို နေပြည်တော်၊ဇဗ္ဗူသီရိမြို့နယ်တွင် တည်ဆောက်လျှက်ရှိရာ ၂၀၂၄ခုနှစ်ဧပြီလတွင် ပြီးစီးမယ်လို့ သိရှိရပါတယ်။
အဲဒီNSA လို့ အမည်ပေးထားတဲ့ နေပြည်တော်တက္ကသိုလ်တွင် ရွေးချယ်ထားသည့် ဝိဇ္ဇာ/သိပ္ပံဘာသာရပ်တွေ၊စီးပွားရေး၊ ဥပဒေ၊လူမှုရေး၊အားကစားနှင့် ဆေးပညာဘာသာရပ်တွေကို သင်ကြားပေးသွားမှာဖြစ်ပါတယ်လို့လည်း နစကရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဆိုပါ Naypyitaw State Academy တည်ဆောက်နေရာသို့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီကနေ့ ဇူလိုင်(၁)ရက်နေ့က သွားရောက်စစ်ဆေးကြည့်ရှုခဲ့ပါတယ်။
“ယခုစီမံကိန်းနှင့်ပတ်သက်လို့ အခေါ်အဝေါ်သတ်မှတ်တာတွေနှင့် ဌာနဖွဲ့စည်းတာတွေကို သတ်မှတ်ရာမှာ အခြားနိုင်ငံကြီးတွေမှာ အသုံးပြုတဲ့ ဘာသာရပ်ဆိုင်ရာ အသုံးအနှုံးတွေနှင့် လုပ်နည်းစနစ်တွေကို လေ့လာပြီး စနစ်တကျသတ်မှတ်ဆောင်ရွက်ကြဖို့လိုပါတယ်” လို့ နစကဥက္ကဋ္ဌက လုပ်ငန်းခွင်ကိုစစ်ဆေးစဉ် မှာကြားခဲ့ပါတယ်။
“ ယခုပညာသင်နှစ်ကစပြီး တတိယနှစ်နှင့် စတုတ္ထနှစ် Day ကျောင်းသားတွေကို လက်ခံသင်ကြားပေးဖို့၊အဲဒီကမှ ပထမနှစ် နှင့်ဒုတိယနှစ်တွေကို ဆင့်ကဲဆင့်ကဲ ဆက်လက်ခေါ်ယူသင်ကြားပေးဖို့၊လောလာဆယ်ဖယ်ရီကြိုပို့တွေ စီစဉ်ဖို့ နှင့် နောင်မှာ အဆောင်တွေမှာ နေထိုင်ပြီးစာသင်ယူနိုင်အောင်ဆောင်ရွက်ဖို့” စတာတွေကိုလည်း သူက ပြောပါတယ်။
ဖွင့်လှစ်မည့် Naypyitaw State Academy မှာ နေပြည်တော် ဝန်ထမ်းမိသားစု သားသမီးတွေနှင့် မြို့နယ်(၈)မြို့နယ်မှ အရည်အချင်းသတ်မှတ်ချက်များနှင့်ကိုက်ညီသူတွေကို ဦးစားပေးရွေးချယ်သွားမယ်လို့လည်း သိရပါတယ်။
ယခင်အားကစား တက္ကသိုလ်အဖြစ် တည်ထောင်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် မဖွင့်လှစ်နိုင်သည့် နေရာကို အခြေခံပြီး ယခုစီမံကိန်းကို ၂၀၂၂ခုနှစ် ဧပြီလတွင် စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ထိုသို့ဆောင်ရွက်ရာတွင် တက္ကသိုလ် အင်္ဂါရပ်နှင့် ပြည့်စုံအောင် အဆောက်အဦတွေ ဖြည့်တင်းတည်ဆောက်နေတာလို့ သတင်းမှာဖော်ပြထားပါတယ်။
Ymg/knl
Page 1473 of 1768