#Local_News
Published_4 July 2022
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၅)ရပ်ကွက်၊ ပတ္တမြားလမ်းတွင် ယနေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်ခန့်က ဖြစ်ပွားခဲ့သော ဆောက်လက်စတိုက်ပြိုကျမှုကြောင့်၇ ဦးဒဏ်ရာရသည့်အနက် နှစ်ဦးမှာ စိုးရိမ်ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သိရသည်။
"မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်အနေနဲ့ ရှာဖွေကယ်ဆယ်ရေးယာဉ်တွေနဲ့ ရှာဖွေကယ်ဆယ်ရေး(အထူး)တပ်ဖွဲ့ဝင်တွေက လုပ်ဆောင်ခဲ့ပါတယ်။ ရွှေပြည်သာမြို့နယ် မီးသတ်စခန်းကလည်း ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ သွားရောက်ခဲ့ကြပါတယ်။ ရပ်ကွက်ဒေသခံတွေ နဲ့ We Love Care လူမှုကူညီရေးအသင်းကလည်း ကူညီမှုတွေ လုပ်ခဲ့ပါတယ်"ဟု မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တာဝန်ရှိသူကပြောသည်။
ပြိုကျခဲ့သည်မှာ ဆောက်လုပ်ဆဲ (၂၀x၆၀) ပေ Steel Structure (၂) ထပ် အဆောက်အဦ၏ အနောက်ဘက်အခြမ်း ပေ(၂၀)ခန့်ဖြစ်ပြီး ယင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်နေသော ကျား(၆)ဦး၊ မ(၁)ဦး စုစုပေါင်း(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ ထိခိုက်ဒဏ်ရာရှိသူ (၇)ဦးအား ပတ်ဝန်းကျင်နေ ပြည်သူများမှ ကူညီကယ်ဆယ်ခဲ့ပြီး ကျား(၁)ဦး၊ မ(၁)ဦး (စိုးရိမ်ရ) အား အင်းစိန်ပြည်သူ့ဆေးရုံသို့လည်းကောင်း၊ ကျန် ကျား(၅)ဦး (မစိုးရိမ်ရ)အား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့လည်းကောင်း We Love Care လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published _ 4 July 2022
စက်သုံးဆီ အမျိုးမျိုးကို ပြည်တွင်း၌ ပိုမိုထုတ်လုပ်နိုင်ရေးအား အလေးထားလုပ် ဆောင်ကြရန် အမှတ် (၁) ရေနံချက် စက်ရုံ(သန်လျင်)မှ တာဝန်ရှိသူများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မှာကြားခဲ့သည်။
ဇူလိုင်လ ၃ရက်က ယင်းစက်ရုံသို့ သွားရောက်ကြည့်ရှုစဉ် ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။
"စက်သုံးဆီ အမျိုးမျိုးကို ပြည်တွင်း၌ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေကိုလည်း ထပ်မံဖိတ်ခေါ်သွားဖို့ လိုပါတယ်" ဟု ဝန်ကြီးဦးသောင်းဟန်က ပြောသည်။
ယင်းပြင် သန်လျင်ရေနံချက်စက်ရုံ ဆိပ်ကမ်းတွင် ရေနံစိမ်းသင်္ဘောများ ဆိုက်ကပ်နိုင်မည့် အခြေအနေကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းလေ့လာ၍ တင် ပြသွားရန် ဖြစ်ကြောင်းမှာကြားခဲ့သည်။
Mono-grade အဆင့်မှ Multi-grade အ ဆင့်ရှိသော စက်ဆီ၊ ချောဆီများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ပြီး စီးပွားရေးတွက်ချေကိုက်မှုရှိစေရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ပြည်ပမှကုန်ကြမ်းတင်သွင်းကာ ဝန်ဆောင်ခ ပေးချေသောစနစ်ဖြင့် စက်ဆီ၊ ချောဆီရော စပ်ထုတ်လုပ်ဖြန့်ဖြူးခြင်းကိုလည်း ဖိတ်ခေါ်ဆောင်ရွက်သွားမည်ဟု ယင်းမှသိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published - 4 July 2022
စက်သုံးဆီဈေးကြောင့် အဝေးပြေးခရီးသည်တင်ယာဉ်လိုင်းများတွင်ယာဉ်စီးခတိုးမြှင့်ထားသော်လည်း ပုံမှန်အတိုင်းပြေးဆွဲပေးနေကြောင်း YRTC မှ သိရသည်။
အဆိုပါ ယာဉ်စီးခဈေးနှုန်းကို နှစ်ဆ၊ သုံးဆမြင့်တက်သွားခြင်းမျိုးမဟုတ်ပဲ ယခင်ကောက်ခံသည့်နှုန်းထားထက် ၅၀၀ ကျပ်မှ ၂၀၀၀ ကျပ်အထိသာ တိုးမြှင့်ကောက်ခံခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် စက်သုံးဆီစျေးမြင့်တက်နေမှုကြောင့် အဝေးပြေးခရီးသည်တင်ယာဥ်လိုင်းပြေးဆွဲမှုကိုရပ်နားထားခြင်းမရှိသော်လည်း ခရီးသည်အခြေအနေပေါ်မူတည်၍ ပြေးဆွဲပေးနေကြောင်း သိရသည်။
အောင်မင်္ဂလာအဝေးပြေးကားဝင်းတွင် ရန်ကုန်အခြေပြုယာဥ်လိုင်းပေါင်း ၁၁၉ လိုင်းရှိပြီး ယာဥ်အစီးရေ ၃၄၄ စီးနှင့် နေ့စဥ်ခရီးသည်ဦးရေ ၆၀၀၀ ကျော် ပို့ဆောင်ပေးနေကြောင်း၊ ဒဂုံဧရာအဝေးပြေးယာဥ်ရပ်နားစခန်းတွင် ရန်ကုန်အခြေပြုယာဥ်လိုင်းပေါင်း ၇၅ လိုင်းရှိပြီး ယာဥ်အစီးရေ ၁၅၅ စီးဖြင့် နေ့စဥ်ခရီးသည် ၂၀၀၀ ကျော်ကို ပို့ဆောင်ပေးနေကြောင်း သိရသည်။
အဝေးပြေးခရီးသည်တင်ယာဥ်လိုင်းများ အနေဖြင့် စက်သုံးဆီစျေးမြင့်တက်ခြင်းနှင့် ခရီးသည်နည်းပါးမှုတို့ကြောင့် အဆင်မပြေမှုများရှိနေကြောင်းလည်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_4 July 2022
မြန်မာနိုင်ငံက နိုင်ငံရေးပြန်လည်သင့်မြတ်ရေး စဉ်ဆက်မပြတ် တွန်းအားပေးဖော်ဆောင်ရန်အတွက် တရုတ်နှင့် အာဆီယံ ပူးတွဲလုပ်ဆောင်ရန် မျှော်လင့်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Wang Yi ကပုဂံမြို့၌ ကျင်းပနေသည့် လန်ချန်း-မဲခေါင် အစည်းအဝေးအတွင်း ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။
ယင်းဆွေးနွေးပွဲတွင် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ်ထားရှိသည့် မျှော်လင့်ချက်သုံးချက်ရှိပြီး ယင်းကိုထည့်သွင်းဆွေးနွေးစဉ် အထက်ပါအတိုင်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ပထမအချက်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်များအောက်၌ မြန်မာနိုင်ငံက နိုင်ငံရေးပြန်လည်သင့်မြတ်ရေး စဉ်ဆက်မပြတ် တွန်းအားပေးဖော်ဆောင်ရန်အတွက် တရုတ်နှင့် အာဆီယံ ပူးတွဲလုပ်ဆောင်ရန် မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအသီးသီးက နိုင်ငံ၏အခင်းအကျင်းနှင့် ပြည်သူလူထု အကျိုးစီးပွားကို အလေးထားပြီး ဆင်ခြင်တုံတရားနှင့် လက်တွေ့ကျမှု၊ အပြန်အလှန် နားလည်သည်းခံမှုများဖြင့် ဘက်ပေါင်းစုံ၏ ကျိုးကြောင်းဆီလျော်သော တောင်းဆိုချက်များကို ထည့်သွင်းစဉ်းစားကာ တည်ငြိမ်အေးချမ်းရေးကို ဆောလျင်စွာ ဖော်ဆောင်ကြရန် အားပေးသည့်ကိစ္စဖြစ်ကြောင်း သိရသည်။
ဒုတိယအချက်မှာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ပြီး တိုင်းပြည်အာဏာကို ပြည်သူများထံ ပြန်လည်အပ်နှင်းရေး မျှော်မှန်းချက် အကောင်အထည်ဖော်ရန်အတွက် တရုတ်နှင့် အာဆီယံ အတူတွန်းအားပေးကာ မြန်မာနိုင်ငံအခြေအနေနှင့် ကိုက်ညီသော၊ မြန်မာ့ဝိသေသလက္ခဏာဆောင်သော နိုင်ငံရေးဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ရှာဖွေနိုင်ရန် မျှော်လင့်သည့်အချက်ဖြစ်ကြောင်း သိရသည်။
တတိယအချက်အနေဖြင့် အာဆီယံက “အာဆီယံနည်းလမ်း” ကို လက်ကိုင်စွဲ၍ ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုမရှိရေး၊ ပေါင်းစပ်ညှိနှိုင်းရေးဟူသော အခြေခံမူနှင့် အစဉ်အလာများကို ခိုင်မြဲစေကာ တည်တည်ငြိမ်ငြိမ်နှင့် နှောင့်ယှက်မှုများကို ဖယ်ရှားပြီး စိတ်ရှည်လက်ရှည် ညှိနှိုင်းခြင်းဖြင့် အာဆီယံ၏ “တူညီဆန္ဒငါးရပ်”(five-point consensus)ကို အပြုသဘောဆောင်စွာ အကောင်အထည် ဖော်ရင်း အာဆီယံ၏ ပြီးပြည့်စုံသော စည်းလုံးညီညွတ်မှုနှင့် ဦးဆောင်မှုအခန်းကဏ္ဍကို ထိန်းသိမ်းရန် မျှော်လင့်ထားသည့်အကြောင်းကို Mr. Wang Yi က ဆွေးနွေးခဲ့ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် (၇) ကြိမ်မြောက် လန်ချန်း - မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အစည်းအဝေး (LMC) ကို ယူနက်စကိုဝင် ရှေးဟောင်းမြို့တော် ပုဂံမြို့၌ ဇူလိုင်လ ၂ ရက်မှ ၅ ရက်ထိ ကျင်းပနေခြင်းဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 4 July 2022
စက်သုံးဆီအမျိုးမျိုးကို ပြည်တွင်း၌ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက် သွားရန်နှင့် ရင်းနှီးမြှုပ်နှံသူများအား ထပ်မံဖိတ်ခေါ်သွားရန် လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးသောင်းဟန်က သန်လျင်မြို့နယ်ရှိ အမှတ်(၁) ရေနံချက်စက်ရုံ(သန်လျင်)သို့ သွားရောက်ကြည့်ရှု စစ်ဆေးစဉ် မှာကြားခဲ့တာ ဖြစ်ပါတယ်။
ထို့ပြင် စက်ရုံဆိပ်ကမ်းတွင် ရေနံစိမ်းသင်္ဘောများ ဆိုက်ကပ်နိုင်မည့် အခြေအနေ ကို သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းလေ့လာ တင်ပြသွားရန်မှာကြားခဲ့ပါတယ်။
ထို့နောက်ဝန်ကြီးသည် စက်ရုံဧည့်ရိပ်သာ၊ ရုံးအဆောက်အဦများ ပြင်ဆင်မွမ်းမံ ထားရှိမှုနှင့် ရေနံပေါင်းတင်စက်တို့ကို ကြည့်ရှုစစ်ဆေးပြီး ရှေးဟောင်း အဆောက်အဦများကို စဉ်ဆက်မပြတ် ပြုပြင်မွမ်းမံထိန်းသိမ်းရန် လိုအပ်ကြောင်း၊ စက်ရုံမွမ်းမံပြင်ဆင်ခြင်းနှင့် စက်ရုံလည်ပတ်နိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်တယ်လို့ ဆိုပါတယ်။
စက်ဆီရောစပ်စည်သွတ်စက်ရုံကို စဉ်ဆက်မပြတ် လည်ပတ်ထုတ်လုပ်ကာ ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများမှ လိုအပ်သော Mono-grade အဆင့် စက်ဆီ/ချောဆီများ အမြန်ဆုံး ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ရန်၊ ဒုတိယအဆင့်အနေဖြင့် Mono-grade အဆင့်မှ Multi-grade အဆင့်ရှိသော စက်ဆီ/ ချောဆီများ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်သွားရမယ်လို့ ဆိုပါတယ်။
စီးပွားရေး တွက်ချေကိုက်မှု ရှိစေရေးအတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များက ပြည်ပမှ ကုန်ကြမ်းတင်သွင်းကာ ဝန်ဆောင်ခပေးချေသောစနစ်ဖြင့် စက်ဆီ/ ချောဆီရောစပ် ထုတ်လုပ်ဖြန့်ဖြူးခြင်းကိုလည်း ဖိတ်ခေါ်ဆောင်ရွက်သွားရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
ymg-mnn
#Yangon_Media_Group
#DailyNews
Published - 4 July 2022
၁။ မြန်မာ့လက်မှုပစ္စည်းလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်အောင် ဖြေလျော့မှုအချို့ဆောင်ရွက်ပေးရန် လိုဟုဆို
၂။ ရန်ကုန်ရွှေဈေးကွက် တည်ငြိမ်နေကာ လိုင်စင်လျှောက်သူပိုမိုများပြားနေ
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ကာကွယ်ဆေးဘေးကင်းစိတ်ချရရေးအတွက် မရှိမဖြစ်အရေးကြီးတဲ့ မြင်းခွာဂဏန်း... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 4 July 2022
မွန်ပြည်နယ်အတွင်းရှိ အသက်(၁၈)နှစ်နှင့်အထက် လူဦးရေအားလုံး(၁၀၀)%စလုံးကို ကိုဗစ်ကာကွယ် ဆေးများထိုးနှံပေးထားပြီးဖြစ်သည်ဟု မွန်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးဒေါက်တာနန္ဒဝင်းက YMG ကို ပြောသည်၊၊
အသက်(၁၈)နှစ်နှင့်အထက်ရှိသူအားလုံးကို ထိုးနှံပေးပြီးဖြစ်၍ ကိုဗစ်ကာကွယ်ဆေးလွှမ်းခြုံနိုင်မှု(၁၀၀) %ရှိပြီဖြစ်ကြောင်း မွန်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်၊၊
"လတ်တလောမှာ မွန်ပြည်နယ်အတွင်းရှိ အသက် (၁၈)နှစ်နှင့် အထက်လူဦးရေအားလုံး(၁၀၀)ရာခိုင် နှုန်းစလုံး ကိုဗစ်ကာကွယ်ဆေးထိုးပေးပြီးဖြစ်ပါတယ်၊၊
မွန်ပြည်နယ်ရှိကျောင်းနေအရွယ်ကလေးငယ် (၉၈.၈)ရာခိုင်နှုန်းတို့ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးထားပြီးဖြစ်ပါတယ်၊၊ ကျန်ရှိနေသူတွေနဲ့ ထပ်ဆောင်းကိုဗစ်ကာကွယ်ဆေးထိုးခြင်း booster ထိုးလိုသူတွေကို ဆက်လက်ထိုးနှံပေးနေပါတယ်"လိုဒေါက်တာနန္ဒဝင်းက ပြောသည်၊၊
ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ပြည့်ထိုးပြီးနောက် ထပ်ဆောင်းကာကွယ်ဆေးထိုး booster ထိုးထားသူသည် မွန်ပြည်နယ်ရဲ့လူဦးရေ( ၂၀)%ရှိကြောင်းနှင့် ကျန်ရှိနေသူများ ဆက်လက်ထိုးနှံကြဖို့ နှိုးဆော်ဆောင်ရွက်လျက်ရှိကြောင်း မွန်ပြည်နယ်၊ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်၊၊
ymg/tthl
#Yangon_Media_Group
Page 1467 of 1768