#Local_News
Published_6 July 2022
သရုပ်ဆောင် ဦးမိုးဒီ Grand Hanthar ဆေးရုံတွင် နှလုံးခွဲစိတ်ကုသမှုတစ်ခုပြုလုပ်ခဲ့ရကြောင်းသိရသည်။
ဇူလိုင်လ ၅ ရက် မွန်းလွဲပိုင်းကစတင်၍ ခွဲစိတ်ခန်းစဝင်ပြီး ညနေ (၅)နာရီခွဲတွင်ပြီးစီးခဲ့ကြောင်း၊ သွေးကြောချဲ့ကိရိယာ (၃)ချောင်းထည့်သွင်းရကြောင်း ၊ ပရိသတ်များ စိတ်မပူကြရန်နှင့် ကျန်းမာအောင်ဆုတောင်းပေးကြစေလိုကြောင်းလည်း သူ၏လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
"မနေ့ကမှ ခွဲစိတ်ထားရတာဆိုတော့ အရေးပေါ်ခန်းထဲမှာပဲ စောင့်ကြည့်နေပါတယ်။ ဘယ်နေ့ဆေးရုံက ဆင်းမယ်ဆိုတာတော့ မသိရသေးပါဘူးရှင့်"ဟု မိသားစုဝင်တစ်ဦးက YMG ကို ပြောသည်။
ဦးမိုးဒီ အနေဖြင့် ယခင်ကလည်း လည်းကျောက်ကပ်ကြောင့် ခွဲစိတ်ကုသမှုတစ်ခု ခံယူထားခဲ့ရသေးကြောင်း သိရသည်။
အဆိုပါ ခွဲစိတ်ကုသမှုအတွက် ငွေကျပ် သိန်းတစ်ရာခန့် ကုန်ကျမည်ဆိုသောကြောင့် ဦးမိုးဒီအား မိတ်တွေများက လှူဒါန်းပေးခဲ့ကြသည်ကိုလည်း လူမှုကွန်ရက်တွင် မှတ်တမ်းတင်ထားသည်ကိုတွေ့ရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_6 July 2022
ရခိုင်ပြည်၊ စစ်တွေမြို့ စစ်တွေဟိုတယ်ရှေ့ရှိ ကမ်းခြေသဲသောင်ပြင်ပေါ်တွင် စစ်တွေဟိုတယ်ကမ်းခြေရှေ့တွင် သေဆုံးနေသော လင်းရှူးငါးတစ်ကောင် သောင်တင်ခဲ့ကြောင်း ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနက သိရသည်။
အဆိုပါ ငါးကို ဇူလိုင်လ ၅ ရက် ည ပိုင်း ၁၁ နာရီကျော်ခန့်က တွေ့ရှိခဲ့သောကြောင့် ယနေ့ ဇူလိုင်လ ၆ ရက် နံနက်တွင် သဲသောင်ပြင်၌ စနစ်တကျ မြေမြှုပ်ထားပြီးဖြစ်ကြောင်း သိရသည်။
"ဝေလငါးမဟုတ်၊ လင်းရှူးပါ၊ ငါးက ကမ်းမှာပါးကတည်းက အသေပါ။ အခုတော့ မြေမြှုတ်တာကို သေချာလုပ်လိုက်ပါပြီ"ဟု ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူက YMG ကို ပြောသည်။
ယင်းငါး၏ အရွယ်အစားမှာ အလျား ၁၀ ပေ ခန့်၊ လုံးပတ် ၄ ပေ ခွဲခန့်ရှိကြောင့် အနံ ၃ ပေခန့်ရှိကြောင်း၊ ပင်လယ်လင်းရှူးများမှာ ပင်လယ်နို့တိုက်သတ္တဝါ (Marine Mammals) များဖြစ်ကြပြီး ရှားပါးရေနေသတ္တဝါလည်း ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published - 6 July 2022
ပြီးခဲ့သည့် ဇွန်လအတွင်း ပြည်ပသို့ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်းခွဲခန့် တင်ပို့ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။
ဇွန်လအတွင်း ဆန်တန်ချိန် ၈၃၉၂၆ တန်၊ ဆန်ကွဲတန်ချိန် ၆၂၁၆၈ တန် စုစုပေါင်း ၁၄၆၀၉၄ တန်ကို ပြည်တွင်းမှကုမ္ပဏီပေါင်း ၃၈ ခုမှ နိုင်ငံပေါင်း ၂၇ နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း၊ ပင်လယ်ရေကြောင်းမှ ၁၂၅၃၇၄ တန်နှင့် နယ်စပ်ကုန်သွယ်ရေးမှ တန် ၂၀၇၂၀ တင်ပို့ခဲ့ခြင်းဖြစ်ပြီး ပင်လယ်ရေကြောင်းမှ ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။
ပြည်တွင်း ဆန်ကို ဖိလစ်ပိုင်၊ တရုတ်၊ ဘယ်လ်ဂျီယံ၊ စပိန်၊ ရိုမေးနီးယားနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၈ နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံသို့ တန် ၃၇၅၃၀ ဖြင့် အများဆုံးတင်ပို့နိုင်ခဲ့ကြောင်း၊ ဆန်ကွဲကို ဘယ်လ်ဂျီယံ၊ တရုတ်၊ ပြင်သစ်၊ စပိန်၊ ဆလိုဗေးနီးယားနိုင်ငံ အပါအဝင် နိုင်ငံပေါင်းကိုးနိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရသည်။
ပြည်ပနိုင်ငံသို့ ယခုဘဏ္ဍာနှစ်အတွင်း ဆန်နှင့်ဆန်ကွဲများ တင်ပို့ရာတွင် တစ်လလျှင် ပျမ်းမျှအားဖြင့် တန်ချိန်တစ်သိန်းခွဲမှ နှစ်သိန်းဝန်းကျင်အထိ တင်ပို့နေခြင်းဖြစ်ပြီး ဆန်တန်ချိန် နှစ်သန်းခန့်တင်ပို့နိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။
ယင်းအပြင် မူဆယ်နယ်စပ်ဂိတ်မှလည်း ဆန်နှင့်ဆန်ကွဲတင်ပို့မှုမှာ ပြန်လည်မြင့်တက်လာပြီဖြစ်ကြောင်း ကုန်သည်များ၏ ပြောပြချက်အရသိရသည်။
ymg/sth
#Yangon_Media_Group
#DailyNews
Published - 6 July 2022
၁။ ဇူလိုင်လအတွင်း အနည်းဆုံးမုန်တိုင်းနှစ်ကြိမ် ဖြစ်ပေါ်နိုင်ဟုဆို
၂။ မြန်မာနိုင်ငံမှ ထိုင်းသို့သွားမည့် MOU လုပ်သားများ ကွာရန်တင်းဝင်ရမည်
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ ကမ္ဘာ့အကြီးဆုံး ဧရာမရေပေါ်ကြာပန်းမျိုးစိတ်အသစ်ကို တွေ့ရှိခဲ့ကြောင်း ကယူးဂါးဒင်းစ်ကြေညာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Pulished _ 6 July 2022
ထိုင်းနိုင်ငံ၌ရောက်ရှိနေသော မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်သက်တမ်းကုန်ဆုံးလျှင် မြန်မာနိုင်ငံတွင် ပြန်လည်လျှောက်ထားရမည်ဟု ထွက်ပေါ်နေသောသတင်းကြောင့် နိုင်ငံကူးလက်မှတ်ကို သက်တမ်းတိုးလုပ်ငန်းကို ထိုင်းနိုင်ငံရှိ မြန်မာသံရုံး၌သာ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ၎င်းတို့၏ နိုင်ငံကူးလက်မှတ်များ သက်တမ်းကုန်ဆုံးသွားပါက သက်တမ်းတိုးလျှောက်ထားခြင်းလုပ်ငန်းကို မြန်မာနိုင်ငံ၌ ပြန်လည်လျှောက်ထားရမည်ဟု ဆိုရှယ်မီဒီယာနှင့် လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားဖော်ပြနေကြကြောင်း၊ အဆိုပါ သတင်းမှာ မဟုတ်မှန်ကြောင်းနှင့် သက်တမ်းတိုးလုပ်ငန်းကို ပုံမှန်အတိုင်း လက်ခံဆောင်ရွက်ပေးနေကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
ဗန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ ကိုင်ဆောင်သည့် PJ အမျိုးအစား နိုင်ငံကူးလက်မှတ်များ၊ ပြည်ပ၌ ပညာသင်ကြားလျက်ရှိသည့် မြန်မာနိုင်ငံသား ကျောင်းသားများ ကိုင်ဆောင်သည့် PE အမျိုးအစား နိုင်ငံကူးလက်မှတ်များ၊ ပြည်ပ၌ ပညာသင်ကြားလျက်ရှိသည့် မြန်မာသံဃာတော်များ ကိုင်ဆောင်သည့် PR အမျိုးအစား နိုင်ငံကူးလက်မှတ်များ၊ ထိုင်းနိုင်ငံတွင် မှီခိုဗီဇာဖြင့် နေထိုင်လျက်ရှိသည့် မြန်မာနိုင်ငံသားများ ကိုင်ဆောင်သည့် PT အမျိုးအစား နိုင်ငံကူးလက်မှတ်များနှင့် မြန်မာနိုင်ငံသား သင်္ဘောသားများ ကိုင်ဆောင်သည့် PS အမျိုးအစား နိုင်ငံကူးလက်မှတ်များကို လက်ခံဆောင်ရွက်ပေးနေကြောင်း သိရသည်။
သံရုံး၌ ကြိုတင်ရက်ချိန်းရယူပြီးပါက နိုင်ငံကူးလက်မှတ်များ၏ သက်တမ်းတိုးခြင်း လုပ်ငန်းများကိုနေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း အဆိုပါသံရုံးက အသိပေးထားကြောင်းသိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_6 July 2022
ဒုရဲအုပ် အပါအဝင် ရဲတပ်ဖွဲ့ဝင် ၇ ဦး ဖားကန့်သို့တာဝန့်ပြောင်းရွှေ့စဉ် လမ်း၌ ပျောက်ဆုံးနေကြောင်း နစက က တာဝန်ရှိသူက ပြောသည်။
"ဟုတ်ပါတယ်။ မနေ့က ဇူလိုင် ၅ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်က သတင်းရပါတယ်။ ကာမိုင်းမြို့က ဒုရဲအုပ် ပါ ၇ ယောက်ပေါ့။ ဖားကန့်ကို ပြောင်းတာ ဖားကန့်ကို မရောက်ဘူး။ လမ်းမှာ အဆက်အသွယ် ပြတ်နေတယ်။ကျွန်တော်တို့ဖြစ်စဉ်ကို စုံစမ်းနေပါတယ်"ဟု နစက တာဝန်ရှိသူက ပြောသည်။
အဆိုပါ ဒုရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၇ ဦး အား ဇူလိုင်လ ၅ ရက် နံနက် ၁၁ နာရီချိန်ခန့်က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တံတားညီနောင်နှင့် ပျားလုံး စုပေါင်းဂိတ်ကြားတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားကြောင်း လူမှုကွန်ရက်ပေါ်တွင် ထွက်ပေါ်နေသော သတင်းများအရ သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_6 July 2022
၁၄ နှစ်ခန့်အဆက်ပြတ်နေ၍ မိသားစုကသေပြီဟု ထင်ထားခံရသူ မလေးရှားမှမြန်မာနိုင်ငံသို့ ဇူလိုင်လ ၅ ရက်တွင်ပြန်လည်ရောက်ရှိခဲ့ကာ လက်ရှိတွင် ကွာရန်တင်းဝင်နေရကြောင်း မြန်မာလူမူကူညီရေးအသင်း (မလေးရှား)က သိရသည်။
၎င်း မြန်မာနိုင်ငံသားမှာ စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ဝင်းမနားကျေးရွာမှ ကိုဝင်းကျော်ဆိုသူဖြစ်ပြီးမိသားစုနှင့် အဆက်အသွယ် ၁၄ နှစ်ခန့်ပြတ်တောက်နေခြင်း ဖြစ်ကြောင်း၊ ယင်းတို့အဖွဲ့အနေဖြင့် အဆိုပါ မြန်မာနိုင်ငံသားအား နေရပ်ပြန်နိုင်ရေးအတွက် သက်ဆိုင်သည့်ဌာနဆိုင်ရာများဖြင့် ချိတ်ဆက်ကူညီပေးခဲ့ကာ MNA မြန်မာအမျိုးသားပိုင်လေကြောင်းဖြင့် ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
မြန်မာလူမှုကူညီရေးအသင်း (မလေးရှား)၏ တာဝန်ရှိသူက ပြောပြချက်အရ မြန်မာနိုင်ငံရှိ ၎င်း၏မိသားစုအနေဖြင့် ကိုဝင်းကျော်သေဆုံးသွားပြီဟုသာ ယူဆထားကြောင်း၊ မကြာသေးသည့်ရက်ပိုင်းက facebook မိတ်ဆွေများက မိသားစုအနေဖြင့် ဆက်သွယ်ပေးရန် ရေးသားကြသည့်အတွက် မိသားစုကလည်း မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးရန်အကူအညီတောင်းခံခဲ့ကြောင်း၊ ယင်းကြောင့် အသင်းအနေဖြင့် ဒေသပြန်နိုင်ရေး လုပ်ဆောင်ပေးခဲ့ကြခြင်း ဖြစ်ကြောင်းနှင့် ကိုဝင်းကျော်အနေဖြင့် စိတ်ဝေဒနာကိုလည်း ခံစားနေရကြောင်း သိရသည်။
ကိုဝင်းကျော်သည် မလေးရှားနိုင်ငံကာချမ်းမြို့နယ် ဘန်တာတက်ကနော်လော်ဂျီရပ်ကွက်တွင် နေထိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1462 of 1768