#DailyNews
Published - 16 July 2022
၁။ ကိုဗစ်လူနာများကို ဆေးရုံများတွင်သာ လက်ခံကုသမည်
၂။ ရန်ကုန်တိုင်းအတွင်း စိုက်ပျိုးရေးအခြေပြု ခရီးသွားလုပ်ငန်းများ ဖော်ဆောင်ရန်ရှိဟုဆို
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ အောင်မြင်ကျော်ကြားမှုအပြင် မိသားစုကိုပါ ကြိုးစားရှာဖွေနေရှာသည့် ကိုရီးယား-အမေရိကန်ကေပေါ့ပ် အဆိုတော်အဲလက်ဆာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 16 July 2022
မြန်မာ့ဘဏ္ဍာရေးကဏ္ဍ ၂၀၁၁ မတိုင်ခင်အခြေအနေကို ပြန်ရောက်ပြီး အထက်တန်းလွှာများအတွက် ဝန်ဆောင်မှုပေးနိုင်စွမ်းရှိနေကြောင်း ကမ္ဘာဘဏ်အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဇူလိုင်လ ၁၃ ရက် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် Myanmar Financial Sector Reforms တွင်ယင်းသိုဖော်ပြထားသည်။
အစီရင်ခံစာတွင် အများစုသော ပြည်သူတွေအနေဖြင့် ဘဏ်တွေအပေါ်အားကိုးအားထားပြုနေရ ခြင်းမဟုတ်ဘဲ ပုံမှန်မဟုတ်သည့် ငွေကြေးထောက်ပံ့သူ (အကြွေးပေးသူ-ကြွေးရှင်)တွေကို အားကိုးနေရကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။
ဘဏ္ဍာရေးကဏ္ဍခေတ်နောက်ပြန်ဆွဲနေသည့် အခြေအနေတွေကြောင့် ပြည်သူတွေအနေဖြင့် ပုံမှန်မဟုတ်သော ငွေကြေးအထောက်အပံ့ပေးနိုင်သည့် လူတွေအပေါ်ကို ယုံယုံကြည်ကြည်နှင့် အားကိုးနေရကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် ဘဏ်တွေအပေါ်လူထုယုံကြည်မှုကျဆင်းနေပြီး ငွေများပြန်ထုတ်ခြင်းများဖြစ်ခဲ့သလို ပြည်သူ့ငွေတွေကိုလည်း ဘဏ်တွေက မထုတ်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် ဘဏ်တွင်အပ်ထားသည့်ငွေများကို ပြန်ထုတ်နိုင်ရန် ရာခိုင်နှုန်းတစ်ခုပေး၍ ပြန်ထုတ်ရသည့်စနစ်မျိုး ပေါ်ပေါက်လာပြီးပြည်သူတွေ အခက်ကြုံနေရခြင်းဖြစ်ကြောင်း အစီရင်ခံစာတွင် ပါရှိသည်။
တဆက်တည်းမှာပင် ဘဏ်တွေအပေါ် ပြည်သူများ၏ယုံကြည်မှုသည် ၂၀၁၀ မတိုင်ခင်ကထက် ကျဆင်းလာသလို မဖြစ်မနေ ဆက်သွယ်လုပ်ဆောင်ရသည့် စီးပွားရေးလုပ်ငန်းရှင်အများစုကသာ ဘဏ်နှင့် ချိတ်ဆက်လုပ်ကိုင်နေကြရကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published _ 16 July 2022
မော်လ်ဒိုက်နိုင်ငံတွင် ဇူလိုင်လ ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပမည့် အာရှကာယဗလပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ ဦးဆောင်၍ အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အုပ်ချုပ်သူနည်းပြနှင့် ကာယဗလအားကစားအဖွဲ့သည် ယနေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။
ယင်း မြန်မာကာယဗလ အားကစားလက်ရွေးစင်များတွင် ၅၅ ကီလိုတန်းပြိုင်ပွဲ၌ ကျော်မင်းသန်း၊ ၇၀ ကီလိုတန်း ပြိုင်ပွဲ၌ ရဲထွန်းနောင်၊ ၈၀ ကီလို တန်းပြိုင်ပွဲ၌ ခင်မောင်ကျော်၊ အမျိုးသမီး Athletic Physique ပြိုင်ပွဲ၌ မီမီကျော်နိုင်၊ ၁၆၀ စင်တီမီတာအောက် ပြိုင်ပွဲ၌ အေးသန္တာခိုင်၊ ၁၆၀ စင်တီမီတာ အထက် Athletic Physique ပြိုင်ပွဲ၌ ဝတ်ရည်ဖြိုးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_16 July 2022
မလေးရှားနိုင်ငံတွင် အလုပ်သွားလုပ်မည့် တရားမဝင် မြန်မာလုပ်သား ၄၃ ဦးကို ထိုင်း-မလေးရှားနယ်စပ်တွင် ဇူလိုင်လ ၁၅ ရက် ညပိုင်းက ထပ်မံဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
အဆိုပါ အဖမ်းခံရသူများမှာ ရခိုင်ပြည်နယ်ကဖြစ်ပြီး အမျိုးသား ၃၄ ဦး နှင့် အမျိုးသမီး ၉ ဦးဖြစ်ကြောင်း၊ ထိုင်း - မလေးရှားနယ်စပ် ဆုံခလာသို့ မရောက်မီ ပရာ့ကျွပ်ခရိုင်အတွင်း ထိုင်းလုံခြုံရေး ပူးပေါင်းတပ်ဖွဲ့များက ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသူများက ထိုင်းဒေသတွင်း သတင်းများကို အခြေခံ၍ ပြောသည်။
ယင်းတို့အနေဖြင့် မလေးရှားနိုင်ငံတွင် အလုပ်ရရှိရန် ပွဲစားခ လူတစ်ဦးလျှင် ဘတ်နှစ်သောင်းမှ သုံးသောင်းခွဲထိ ပေးရကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် အလုပ်လုပ်ရန် မြန်မာနိုင်ငံက ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်ပြီး ယင်းမှတစ်ဆင့် မလေးရှားနိုင်ငံသို့ ထိုင်းနိုင်ငံ တောင်ပိုင်းခရိုင်များကိုဖြတ်ကျော်သွားရောက်ရခြင်းဖြစ်ပြီး သွားရောက်သူတိုင်းလိုလို အဖမ်းခံနေရသော်လည်း သွားလာမှုမှာ ရှိနေဆဲ ဖြစ်သောကြောင့် လုံး၀မလာရောက်ကြရန် မလေးရှားနိုင်ငံရှိ အလုပ်သမားအရေးဆောင်ရွက်နေသူများ၊ လူမှုရေးလုပ်ငန်းလုပ်သူများက ထုတ်ပြန်ထားပြီးလည်း ဖြစ်သည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 16 July 2022
လျှပ်စစ်မီးသုံးစွဲသူများသည် မိမိတို့နေ့စဉ်သုံးစွဲနေသည့် လျှပ်စစ်ယူနစ်ပမာဏနှင့် အချက်အလက်များကို ဖုန်းထဲမှ အချိန်မရွေးကြည့်ရှုနိုင်ပြီး ဌာနအနေဖြင့်လည်း တပ်ဆင်ထားသည့် မီတာများအပေါ် မသမာမှုများ ပြုလုပ်ထားခြင်း ရှိ၊ မရှိကို ကြည့်ရှုစစ်ဆေးနိုင်မည့်အပြင် မီတာခကျသင့်ငွေကိုလည်း ဖုန်းဖြင့်ပေးဆောင်နိုင်မည့် Advanced Metering Infrastructure AMI စနစ်သုံး Smart Meter များကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တိုးချဲ့တပ်ဆင်သွားမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး လျှပ်စစ်ဓာတ်အား ပို့လွှတ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်းများတွင် Losses ဟုဆိုသည့် လျှပ်စစ်ဓာတ်အား လေလွင့်ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ မီတာဖတ်သူများ၏ လွဲမှားမှုကြောင့် Losses များ ဖြစ်ပေါ်နိုင်သလို လျှပ်စစ်မီးသုံးစွဲသူများ၏ နည်းမျိုးစုံဖြင့် မသမာမှုပြုလုပ်ခြင်းများကြောင့်လည်း Losses များ ဖြစ်ပေါ်လျက်ရှိသဖြင့် အဆိုပါ Losses များကို ဖြေရှင်းနိုင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် AMI စနစ်ကို ကျင့်သုံး ဆောင်ရွက်လျက်ရှိသည်။
"AMI စနစ်ကို နေပြည်တော် ကောင်စီနယ်မြေအတွင်းမှာ မြို့နယ်အားလုံး တပ်ဆင်သွားမှာ ဖြစ်ပါတယ်။ အခုလက်ရှိ ပျဉ်းမနား၊ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ မြို့နယ်တွေမှာ AMI စနစ်သုံး Smart Meter တွေ တပ်ဆင် လျက်ရှိပါတယ်။ မန္တလေးတိုင်း ဒေသကြီးမှာဆိုရင် သုံးမြို့နယ်မှာ တိုးချဲ့ဆောင်ရွက်လျက်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာတော့ ၂၉ မြို့နယ်မှ ဒီ AMI စနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိပါတယ်။ ဒီ AMI စနစ်ကို အသုံးပြုတဲ့အတွက် ဖုန်းထဲမှ တစ်ဆင့် လစဉ်မီတာခ ဘယ်လောက်ကျသင့်မလဲဆို တာ သိရှိနိုင်မယ်။ ကြွေးကျန် ရှိ၊ မရှိ၊ နောက် Mobile Application မှ တစ်ဆင့် ငွေပေးချေနိုင်မယ်။ လျှပ်စစ်ဓာတ်အား ဆုံးရှုံးမှုတွေလည်း လျော့နည်းသွားမယ်။ ဌာနအတွက်ရော လျှပ်စစ်မီးသုံးစွဲတဲ့ ပြည်သူတွေ အတွက်ရော ကောင်းမွန်တဲ့ စနစ်တစ်ခု ဖြစ်ပါတယ်"ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ် ၂၉ မြို့နယ်တွင် Advanced Metering Infrastructure AMI စနစ်ကို ဆောင်ရွက်လျက်ရှိရာ အဆိုပါ မြို့နယ်များတွင် ယခင်က လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု ၁၄ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း ခန့်အထိ ရှိနေရာမှ ယခုအခါတွင် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုမှာ ၆ ရာခိုင်နှုန်းခန့်သာရှိတော့သဖြင့် လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု ၉ ရာခိုင်နှုန်းခန့် သက်သာခဲ့ကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published _ 16 July 2022
ရေမြေသဘာဝမှရရှိသည့် ကမာမွေးမြူမှုသည် အစာစရိတ်ကုန်ကျမှုမရှိဘဲ မွေးမြူသူတို့ စမ်းသပ်အောင်မြင်မှုရရှိခဲ့ကြောင်း ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နှင့် ဂွမြိုနယ်တို့တွင် ယခင်ရှိရာကထက် ပိုမိုတိုးမြှင့်လုပ်ကိုင်လာကြောင်း၊ သိရသည်။
၂၀၂၁ ခုနှစ်က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်နှင့် ဂွမြို့နယ်တို့တွင် ကမာမွေးမြူမှုကို ယခုနှစ်ထိ တစ်နှစ်တိုင် မွေးမြူလုပ်ကွက်ပေါင်း ၁၅၀၀၀ ခွဲခန့်ကို စမ်းသပ်ခဲ့ရာ ထိန်းသိန်းစောင့်ရှောက်စရိတ်သာ ကုန်ခဲ့ပြီး၊ အစာစရိတ်မကုန်ခဲ့သောကြောင့် ယခုနောက်ထပ် လုပ်ကွက်ပေါင်း ၁၅၀၀၀ ခွဲ ကျော်ထိ မွေးမြူလုပ်ကိုင်လာမှုကြောင့် လုပ်ကွက်ပေါင်း ၃၀၀၀၀ ကျော်ထိ ရှိလာကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
ကမာ ကောင်များကို အကောင်လိုက် လည်းကောင်း၊ အသားခွာပြီးသား ရောင်းချခြင်း လည်းကောင်း တစ်ကောင်လျှင် ၉၀၀ ကနေ ၁၅၀၀ ကြား ပေါက်ဈေးရှိနေကြောင်း၊ လက်ရှိတွင် ရခိုင်မှထွက်ရှိသည့် ကမာကောင်များကို ပြည်တွင်း၌သာ ရောင်းချနေပြီး နိုင်ငံခြားသို့ တင်ပို့နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_ 16 July 2022
စိန့်ပီတစဘတ် Polytechnic State University နှင့် မြန်မာနိုင်ငံရှိ ရန်ကုန်နှင့် မန္တလေးတို့မှ နည်းပညာတက္ကသိုလ်များနှင့် ဆက်သွယ်ဆောင်ရွက်ရေး အလားအလာများရှိကြောင်း သိရပါတယ်။
နစကဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇူလိုင် ၁၄ ရက် နံနက်ပိုင်းတွင် စိန့်ပီတာစဘတ်မြို့ရှိ Polytechnic State University သို့ သွားရောက်လေ့လာခဲ့ရာတွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်ပါတယ်။
နစက ဥက္ကဌအား Polytechnic State University တက္ကသိုလ်မှ ပါမောက္ခချုပ် Mr.Andrey Ivanovich Rudskoy က သိပ္ပံနှင့် နည်းပညာကဏ္ဍတွင် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လိုပြီး ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ နည်းပညာတက္ကသိုလ်တို့နှင့် ဆက်သွယ်ဆောင်ရွက်လိုပြီး၊ ၂၀၀၆ ခုနှစ်အထိ မြန်မာနိုင်ငံမှ ပညာတော်သင် သင်တန်းသားများ စေလွှတ်ဆောင်ရွက်ခဲ့မှုကိုအခြေခံ၍ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပြန်လည်ဆောင်ရွက်လိုတဲ့ အခြေအနေများကို ရှင်းလင်းတင်ပြပါတယ်။
နစကဥက္ကဋ္ဌက ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာတော်သင် သင်တန်းသားများ ပညာသင်ကြားခဲ့မှု၊ လက်ရှိတွင်လည်း ပညာတော်သင် သင်တန်းသားအရာရှိ အများအပြား တက်ရောက်လျက်ရှိသည့် အခြေအနေများနှင့် Polytechnic State University သို့လည်း သင်တန်းသားများ စေလွှတ်သင်ကြားသွားမည်ဖြစ်သည့် အခြေအနေများ၊ ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ပြန်လည်မေးမြန်း ဆွေးနွေးပြောကြားခဲ့ပါတယ်။
အဆိုပါ St. Petersburg Polytechnic State University သည် ရုရှားနည်းပညာဆိုင်ရာ တက္ကသိုလ်တစ်ခုဖြစ်ပြီး Peter the Great Polytechnic Institute သို့မဟုတ် Kalinin Polytechnic Institute ဟုလည်း ခေါ်ဝေါ်ခဲ့ပါတယ်။ ၁၈၉၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နိုဗယ်ဆုရှင်များစွာ မွေးထုတ်ပေးနိုင်ခဲ့သည့် တက္ကသိုလ်လည်း ဖြစ်ပါတယ်။
တက္ကသိုလ်ကို အင်ဂျင်နီယာဌာနခွဲ၊ ရူပဗေဒဌာနခွဲနှင့် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ဌာနခွဲဟူ၍ ဌာနခွဲကြီး ၃ ခုဖြင့် ဖွဲ့စည်းထားပါကြောင်း၊ အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ ဂျာမနီနိုင်ငံ၊ ဖင်လန်နိုင်ငံ၊ ဆွီဒင်နိုင်ငံနှင့် အခြားသော CIS အဖွဲ့ဝင်နိုင်ငံများ ကျောင်းသားများအပါအဝင် ကျောင်းသားဦးရေ စုစုပေါင်း ၃၀၀၀၀ ကျော်ခန့် ပညာသင်ကြားလျက်ရှိကြောင်း သိရှိရပါတယ်။
ymg-mnn
#Yangon_Media_Group
Page 1440 of 1768