Published 15 December 2023

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ သုခဒဂုံပြည်သူ့အငှားအိမ်ရာတွင် နေထိုင်သူများ အဆင်ပြေစေရန်အတွက် သုခဒဂုံ အိမ်ရာသို့ ပြေးဆွဲပေမည့် YBS ယာဉ်လိုင်းလေးခု လျာထာကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာန သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သုခဒဂုံအိမ်ရာမှာ ပြည်သူ့အငှားအိမ်ရာဖြစ်ပြီး မကြာခင်ကမှ အိမ်ရာတွင်ငှားရမ်းနေထိုင်ခွင့် မဲပေါက်ထားသူများ စတင်နေထိုင်သည့် အိမ်ရာဖြစ်ကာ လောလောဆယ် စတင်‌နေထိုင်သူများ အဆင်ပြေစေရန်အတွက် ယာဉ်လိုင်း အမှတ် ၁၁၈ နှင့် ၉၇ ယာဉ် လိုင်းများစတင်၀င်ရောက် ပြေးဆွဲနေကြောင်း သိရသည်။

သုခဒဂုံပြည်သူ့အငှားအိမ်ရာ မဲပေါက်နေထိုင်ခွင့်ရသူများကို ဒီဇင်ဘာ ၁ရက်က အခန်းပေါင်း ၄၅၀ ကို သော့ထုတ်ပေးခဲ့ပြီး တိုက်ခန်းများတွင် မီတာတပ်ဆင်ခြင်းနှင့် အခြား ဆောင်ရွက်စရာများ ပြီးစီးပြီးဖြစ်သည့် အခန်း ၁၂၀ တွင် ဒီဇင်ဘာ ၄ရက်တွင် စတင်နေထိုင်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

သုခဒဂုံ ပြည်သူ့ အငှားအိမ်ရာမှ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် အမှတ် ၂လမ်းမကြီးနှင့် ရန်ကုန်မြို့ ပတ်လမ်းမကြီး လမ်းဆုံအနီးတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး နေထိုင်ရေးအခက်ခဲရှိနေသည့် ပြည်သူများ၊ အငြိမ်းစားဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများ ငှားရမ်းနေထိုင်ရန်အတွက် လျှောက်ထား နိုင်ကြောင်းသိရသည်။
Yangon-Times/LW
#Local_News
#Published 15 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group