#LocalNews

Published - 29 Dec 2021

 

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)၏ ခွင့်ပြုချက်ဖြင့် Trans Link Public company ၏ YBS 80 ယာဥ်လိုင်းအား ၂၀၂၂ ခုနှစ်၊ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ယာဥ်လမ်းကြောင်း ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်ကြောင်း အဆိုပါယာဥ်လိုင်းကုမ္ပဏီမှ သတင်းထုတ်ပြန်လိုက်ပါတယ်။

 

ခရီးစဥ်ပြောင်းလဲပြေးဆွဲပေးမည့် YBS 80 ယာဥ်လမ်းကြောင်းအနေနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်(၁၆၈)ရပ်ကွက်(ဂိတ်ရင်း)မှ ဦးတရုတ်လမ်း၊ ဒဂုံဆိပ်ကမ်းပြည်သူ့ ဆေးရုံ၊ ပုဏ္ဏမီလမ်း၊ ရွှေသံလွင်(ဘိုးဘွားရိပ်သာ)၊ စမေးနီးယားကုန်တိုက်၊ သိမ်ချောင်းလမ်းဆုံ၊ တောင်ဒဂုံစက်မှုဇုန်(၁/၂)၊ကမာကြည်တံတား၊ ပေါ်ဆန်းမွှေးလမ်း(သုဝဏ္ဏ)၊ သုဝဏ္ဏပန်းခြံ၊ ကြက်ဘဲစျေး၊ တာမွေ စျေး၊ ယုဇနပလာဇာ၊ တာမွေပလာဇာ၊ မြယာကုန်း(ဂမုန်းပွင့်)၊ သိမ်ဖြူ စျေး၊ ရန်ကုန်တိရိစ္ဆာန်ဥယျာဥ်၊ သမ္မတရုပ်ရှင်ရုံနှင့် ရန်ကုန်ဘူတာကြီး(ဂိတ်ဖျား)အထိ ခရီးစဥ်လမ်းကြောင်းကို ပြောင်းလဲပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

"အဓိကကတော့ ခရီးသွားပြည်သူတွေ အဆင်ပြေစေဖို့အတွက် ခရီးစဥ်လမ်းကြောင်းကို ပြောင်းလဲပြေးဆွဲပေးခြင်းဖြစ်ပါတယ်။ အခုလမ်းကြောင်းမှာက ဘယ်ယာဥ်လိုင်းမှ ပြေးဆွဲခြင်းမျိုးမရှိသေးဘူးလေ။ တချို့ ခရီးသည်တွေက အဲ့ဒီဘက်ကနေ မြို့ထဲရောက်ဖို့အတွက်ဆိုရင် ၂ ဆင့်၊ ၃ ဆင့်တွေ စီးနေရတာမျိုးရှိပါတယ်။ အဲ့ဒါကြောင့် အခုလိုတိုက်ရိုက်ယာဥ်လိုင်းကို ပြေးဆွဲပေးခြင်းဖြစ်ပါတယ်။ ယာဥ်လမ်းကြောင်း ပြောင်းလဲပြေးဆွဲခြင်းအထိမ်းအမှတ်အနေနဲ့ ၃ ရက်တာကိုလည်း ယာဥ်စီးခအခမဲ့နဲ့ ပြေးဆွဲပေးဖို့ စီစဥ်နေပါတယ်။ စတင်ပြေးဆွဲပေးမှာက ဇန်နဝါရီ ၁ ရက် နေ့ပါ။"လို့ အဆိုပါ ယာဥ်လိုင်းကုမ္ပဏီမှ တာဝန်ရှိသူ ဦးဥာဏ်လင်း အခုလို ပြောပြခဲ့ပါတယ်။

 

အဆိုပါ YBS 80 ယာဥ်လိုင်းကို ယာဥ်အစီး ရေ(၁၉)စီးဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး ယာဥ်စီးနှုန်းထားမှာလည်း ခရီးသည်တစ်ဦးလျှင် ၂၀၀ ကျပ်ဖြင့်သာ စီးနင်းနိုင်မယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ယာဥ်လမ်းကြောင်းအသစ်ပြေးဆွဲပေးခြင်းအထိမ်းအမှတ်အနေနဲ့ အခမဲ့ပြေးဆွဲပေးမည့် (၃)ရက်ကိုလည်း ခရီးသွားမိဘပြည်သူတွေကို ထုတ်ပြန်ကြေညာပေးသွားမှာဖြစ်တယ်လို့ အဆိုပါယာဥ်လိုင်းကုမ္ပဏီ က ဆိုပါတယ်။

#Yangon_Media_Group