#Local_News
Published_11 November 2022

 

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YUPT ကုမ္ပဏီပိုင်ယာဉ်လိုင်းများဖြစ်သည့် YBS ယာဉ်လိုင်းလေးလိုင်းသည် နိုဝင်ဘာ ၉ ရက်မှ စတင်ပြီး ပြေးဆွဲမှု ယာယီရပ်နားထားကာ ယာဉ်အသစ်များဖြင့်အစားထိုးပြေးဆွဲသွားမည်ဖြစ်ကြောင်း YUPT ကုမ္ပဏီမှ အသိပေးကြေညာထားသည်။

 

အဆိုပါယာဉ်လိုင်း လေးခုမှာ YBS 15 ၊ YBS 17၊ YBS 26 နှင့် YBS 114 တို့ဖြစ်ပြီး အစားထိုးလဲလှယ်ရန် ယာယီရပ်နားထားခြင်းဖြစ်ပြီး ရပ်နားလိုက်သည့် ယာဉ်လိုင်းလေးခုအနက် YBS15 မှာ YUPT ကုမ္ပဏီမှ မဟုတ်ဘဲ ယာဉ်လိုင်းနံပါတ်တူ ပြေးဆွဲနေသည့် ခေတ်သစ်ဘုရင့်နောင် ကုမ္ပဏီမှ ပြေးဆွဲပေးနေသည့် ယာဉ်လိုင်းဖြစ်ကြောင်းသိရသည်။

 

ရန်ကုန်မြို့ပြအများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်(YUPT) လက်အောက်တွင် ယာဉ်စီးရေပေါင်း ၈၃၀ ကျော်ရှိပြီး နေ့စဉ်ပြေးဆွဲနေသောယာဉ်မှာ အစီးရေ ၅၀၀ ကျော်ရှိကြောင်း သိရသည်။

 

ရန်ကုန်မြို့တွင်း၌ နေ့စဉ်ယာဉ်လိုင်းပေါင်း ၁၁၆ လိုင်း၊ ယာဉ်အစီးရေ ၃၂၅၀ စီးပုံမှန်ပြေးဆွဲပေးနေပြီး ခရီးသည် ၁၃ သိန်းဝန်းကျင်ကို နေ့စဉ်ပို့ဆောင်ပေးနေကြောင်းသိရသည်။

 

#ymg/sth
#Yangon_Media_Group