#Local_News
Published 24 August 2024


▪️ ယနေ့ မွန်းလွဲပိုင်းတွင်ဖြစ်သည့် တိမ်တိုက်များအရ ရန်ကုန်၊ ပဲခူး မိုးများလာနိုင်သည့်အပြင် ယခု ဩဂုတ်လကုန်ပိုင်းတွင်လည်းနေရာကွက်၍ မိုးကြီးနိုင်သောကြောင့် မြစ်ချောင်းကမ်းအနီးမြေနိမ့်ပိုင်းဒေသများ သတိပြုကြရန် မိုးလေဝသ စောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်က  အသိပေးလိုက်သည်။

 

▪️ အိန္ဒိယမိုးလေဝသဋ္ဌာနမှ ဩဂုတ် ၂၃ ရက်နေ့လည်ပိုင်း ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ရက်များက အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးဖြစ်ပေါ်ခဲ့သည့်  ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းသည်  ဆက်လက်တည်ရှိနေပြီး အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနေကြောင်း ၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ကမ်းခြေအနီး၌  လေဖိအားနည်းရပ်ဝန်းအသစ်တခု ထပ်မံဖြစ်ပေါ်နေ ကြောင်းသိရသည်။

 

▪️ ထို့အပြင် အနောက်ဘက် အိန္ဒိယနိုင်ငံကုန်းတွင်းသို့ ရွေ့လျားသွားသည့်  လေဖိအားနည်းရပ်ဝန်းသည်  အာရေဗျပင်လယ်ဘက်အထိ ဆက်လက်ရွေ့လျားနိုင်ပြီး အားကောင်းသောကုန်းတွင်းမုန်တိုင်းတလုံးအဆင့် ဖြစ်လာနိုင်ချေ ၁၀၀ % အထိရှိကြောင်း ECMWF Chart တွင် တွေ့ရှိရကြောင်း သိရသည်။

 

▪️ "အသစ်ထပ်မံဖြစ်ပေါ်တဲ့  လေဖိအားနည်းရပ်ဝန်းက ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းကို ရွေ့လျားလာနိုင်ပြီး ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနဲ့ ‌မြောက်ပိုင်းဆက်စပ်ရာ ပင်လယ်ပြင်မှာ ဩဂုတ် ၂၉၊၃၀၊၃၁ ရက်ခန့်တွင် လေဖိအားနည်းရပ်ဝန်းတခု ဖြစ်လာနိုင်တယ်လို့  ကနဦးကြိုတင်ခန့်မှန်းချက်တွေမှာ တွေ့ရပါတယ်။ အခုလို ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်လာတဲ့ ထူးခြားမိုးလေဝသအခြေအနေ တွေ ကြောင့် မြန်မာနိုင်ငံတဝှမ်းလုံးမှာ ဩဂုတ်လကုန်ရက်များအတွင်း မိုးအားကောင်းလာနိုင်ပါတယ်၊ နေရာကွက်ပြီး မိုးကြီးတာတွေလဲ ဖြစ်လာနိုင်တယ်လို့ တွေ့ရတဲ့အတွက် ရေနဲ့ပတ်သက်တဲ့သဘာဝဘေးများထပ်မံဖြစ်ပေါ်နိုင်မဲ့ အခြေအနေအတွက် မြစ်ချောင်းကမ်းအနီးမြေနိမ့်ပိုင်းဒေသများ သတိပြုကြရန် အသိပေးတင်ပြလိုက်ပါတယ်" ဟု ၎င်းကဆိုသည်။

 

ထို့အပြင် ဩဂုတ်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ဖြစ်လာသည့် တိမ်တိုက်များအခြေအနေအရ ရန်ကုန်၊ ပဲခူး မိုးများလာနိုင်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times