#LocalNews

Published - 28 Dec 2021

 

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ ယခုနှစ်ပိုင်းထဲ လျှပ်စစ်ရှော့တိုက်ငါးဖမ်းတာ စက်လှေကြီးတွေနဲ့ ရွှေတူးဖော်နေတာတွေ သိသိသာသာတိုးလာတာကို သိရှိခဲ့ရတယ်လို့ WWF-မြန်မာက အသိပေးထုတ်ပြန်ထားပါတယ်။

 

WWF-မြန်မာရဲ့ အသိပေးချက်ထဲမှာတော့ ဒေသခံရေလုပ်သားများအနေနဲ့ မြစ်ထဲမှာ ငါးရှားပါးမှုနဲ့ ကြုံတွေ့နေရတာတွေ၊ ပုံမှန်မဟုတ်တဲ့ ရာသီဥတုပြောင်းလဲမှုတွေ၊ ရေကြီးရေလျှံတာတွေနဲ့ တခြားအသက်မွေးဝမ်း ကျောင်းလုပ်ငန်းတွေ အကန့်အသတ်ရှိနေတာကို သိရှိခဲ့ရတဲ့အပြင် ဒေသခံအများစုဟာ ဧရာဝတီလင်းပိုင်ကို မျိုးသုဉ်းဖို့အန္တရာယ်ရှိနေတဲ့ မျိုးစိတ်ဖြစ်တယ်ဆိုတာကို မသိရှိကြဘူးလို့ ရေးသားအသိပေးထားတာကို တွေ့ရပါတယ်။

 

WWF-မြန်မာ ရေချိုအရင်းအမြစ်ဆိုင်ရာ အစီအစဉ်အဖွဲ့သားများက ဧရာဝတီမြစ်အတွင်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာ နှစ်ခုအကြား မြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ ကျေးရွာများသို့ ၂၀၂၁ ခုနှစ်၊ မေလအတွင်းက သွားရောက်ခဲ့တာဖြစ်ပြီး အဆိုပါခရီးစဥ်အတွင်း သိရှိခဲ့ရတဲ့အချက်အလက်တွေကို မကြာသေးမီရက်ပိုင်းအတွင်းက WWF-မြန်မာ ၄င်းတို့၏ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာကနေတစ်ဆင့် ပြန်လည်မျှဝေ အသိပေးရေးသားထားတာပါ။

 

ဒါ့အပြင် ဒေသခံများ၏ ပြောပြချက်များအရ "အများစုက ဧရာဝတီလင်းပိုင်လေးတွေကို တန်ဖိုးထားမြတ်နိုးသော်လည်း သူတို့လေးတွေဟာ မျိုးသုဉ်းရန် အန္တရာယ်ရှိသော မျိုးစိတ်ဖြစ်ကြောင်း မသိရှိသည်ကို တွေ့ခဲ့ရပြီး ဧရာဝတီလင်းပိုင်လေးတွေက သူတို့ငါးဖမ်းတဲ့အခါမှာ များစွာအကူအညီပေးကြတယ်လို့ ဒေသခံတွေကဆိုကြောင်း၊ သူတို့လေးတွေက ငါးတွေရှိတဲ့နေရာတွေကို ညွှန်ပြပေးတတ်ကြောင်းနှင့် ဒေသခံတွေအနေနဲ့လည်း သူတို့ရဲ့ ဂေဟဗေဒစနစ်ကို ကာကွယ်လိုပြီး ငါးသယံဇာတကိုလည်း ကာကွယ်ထိန်းသိမ်းလိုသည်ကို သိရှိခဲ့ရကြောင်း" WWF-မြန်မာ၏ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

 

ဒါ့အပြင် ခရီးစဉ် အဆုံးမှာတော့ WWF-မြန်မာ အဖွဲ့သားတွေစီးနင်းလာတဲ့လှေနားမှာ ရေကူးနေတဲ့ ချစ်စရာကောင်းတဲ့ ဧရာဝတီလင်းပိုင်လေးတစ်ကောင်ကိုပါ တွေ့မြင်ခဲ့ရတယ်လို့လည်း WWF-မြန်မာ ကဆိုပါတယ်။

 

Photo - WWF - မြန်မာ။