၆ ဧပြီ ၂၀၂၅

အမေရိကန်အခြေစိုက် အကျိုးအမြတ်မယူသော နိုင်ငံတကာအဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ World Central Kitchen (WCK) ကမ္ဘာ့ဗဟိုမီးဖိုဆောင် အဖွဲ့ကြီးဟာ ငလျင်ဘေးသင့် မြန်မာပြည်သူတွေကို ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာများချက်ပြုတ်ပေးနိုင်ဖို့ နစက အစိုးရက ခွင့်ပြုချက်ပေးလိုက် လို့ လုပ်ငန်းတွေ စတင်တော့မယ်လို့သိရပါတယ်။

“ဟုတ်ပါတယ်။ သူတို့ချက်ရေးပြုတ်ရေးလုပ်ငန်းတွေအတွက် ပြင်ဆင်နေကြပါပြီ” လို့ အဆိုပါ WCK အဖွဲ့ကြီးနှင့် နီးစပ်သူတစ်ဦးက YMG ကို အတည်ပြုပြောဆိုပါတယ်။

WCK၏ ရည်မှန်းချက်မှာ လိုအပ်နေသူများအား အာဟာရပြည့်ဝပြီး မျှတသောအစားအစာများ ရရှိစေရေး ဖြစ်တယ်လို့ သိရပါတယ်။ အဲဒီအတွက် WCK က မြန်မာနိုင်ငံမှ စားဖိုမှူးများ သူတို့နှင့်အတူ လက်တွဲ ပါဝင်ဖို့ မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းကနေ တစ်ဆင့် ဆက်သွယ် ဖိတ်ခေါ်   ထားကြောင်းသိရပါတယ်။

WCK က အစားအသောက်တစ်ခုစီတွင်  ဆန် 150 ဂရမ်၊ ဟင်းသီးဟင်းရွက် 150 ဂရမ်၊ပရိုတိန်း 150 ဂရမ် စသည်တို့ဖြစ်ပြီး အစားအစာဘူးတိုင်းတွင် ရေတစ်ပုလင်းပါရမယ်လို့ အရည်အသွေး သတ်မှတ်ထား ပါတယ်။

WCK အဖွဲ့ဟာ အမေရိကန်ဒေါ်လာ ၁၀သန်း အကုန်အကျခံသွားမှာဖြစ်ပြီး  အဲဒီအတွက် စုစုပေါင်း  ထမင်းဘူးပေါင်း ၈သန်းခန့် ချက်ပြုတ်ဝေငှနိုင်မယ်လို့ခန့်မှန်းထားတယ်လို့ အဆိုပါ ပုဂ္ဂိုလ်က ဆက်လက် ရှင်းပြပါတယ်။

“ သူတို့က မြန်မာပြည်ထွက် မီးဖိုချောင်သုံးပစ္စည်းတွေနှင့် ဟင်းသီဟင်းရွက် သားငါးတွေကို ဝယ်မှာပါ။ အဲဒီအပြင် မြန်မာပြည်က စားဖိုမှူးတွေ ချက်ပြုတ်ပေးမယ့်သူတွေကို စနစ်တကျသင်ပေးသွားပြီး ပြီးရင် Certificate  တွေထုတ်ပေးမှာပါ။ သူတို့က ရွာတွေမှာ ချက်တတ်ပြုတ်တတ်သူတွေ ဦးစီးချက်တဲ့ communities အခြေပြုပုံစံမျိုုးတွေကိုလည်း ဦးစားပေးလုပ်မယ်လို့သိရပါတယ်။ ငလျင်ဘေးသင့် ဒေသတွေမှာ နေရာအနှံ့ သူတို့စီမံခန့်ခွဲပေးတဲ့ ချက်ပြုတ်ရေးစင်တာလေးတွေ လုပ်ဆောင် ချက်ပြုတ် ကျွေးမွေးဖို့ ရည်ရွယ်ထားတာလို့သိရပါတယ်” လို့ သူကဆက်လက်ရှင်းပြပါတယ်။

အဲဒီအတွက် ဒေသခံတွေကိုပါ  အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်မှာဖြစ်ပြီး ၂၀၂၃ခုနှစ်  တူရကီနှင့်ဆီးရီးယားနိုင်ငံတို့မှာ လှုပ်ရှားခဲ့တဲ့ ငလျင်ဘေးသင့်သူတွေကို WCK ကကူညီခဲ့တဲ့ အတွေ့အကြုံတွေကို အခြေခံပြီး မြန်မာနိုင်ငံ ငလျင်ဘေးသင့်ပြည်သူတွေကို ကျန်းမာရေးနှင့်ညီညွတ်တဲ နေ့စဉ်ထမင်းဘူးများချက်ပြုတ်ပြင်ဆင်သွားမယ်လို့သိရှိရပါတယ်။

#ymg/knl