ရန်ကုန် ဩဂုတ် ၁၈
မြန်မာနိုင်ငံရဲ့ မိုဘိုင်းလ်ပိုက်ဆံအိတ် ဦးဆောင်လုပ်ငန်းဖြစ်တဲ့ Wave Money ဟာ သူ့ရဲ့ အက်ပလီကေးရှင်းကို လစဉ် သက်ဝင်သုံးစွဲသူတွေဟာ ထက်ဝက်တိတိ ဆုံးရှံးသွားရတယ်လို့ ပြောပါတယ်။
 
ဇန်နဝါရီ၁ရက်နေ့တုန်းက သက်ဝင်သုံးစွဲသူ နှစ်သန်းကျော်ရှိခဲ့ရာကနေ မေ၃၁ရဲ့အရောက်မှာ တစ်သန်းပဲရှိတော့တာဖြစ်ပါတယ်။
 
စင်္ကာပူ အခြေစိုက် Yoma Strategic Holdings က လက်ရှိမှာ Wave Money ရဲ့ ရှယ်ယာ ၄၄ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ Fintech လုပ်ငန်းခွဲဖြစ်တဲ့ Wave Money ဟာ မေ၃ရက် အများပြည်သူ စတင်သုံးလို့ရတဲ့ အချိန်ကစပြီး တစ်လထက်တစ်လ ဂဏန်းနှစ်လုံး တိုးတက်နှုန်းရှိလာခဲ့တာဖြစ်တယ်လို့ KrAsia က ရေးသားပါတယ်။
 
“ စီးပွားရေးက ကျယ်ကျယ်ပြန့်ပြန့်နှေးကွေးနေတာနှင့် over-the-counter စီးပွားရေးလုပ်ငန်းတွေမှာ ငွေသားရရှိနိုင်မှု အခြေအနေတွေက စုစုပေါင်းဝင်ငွေနှင့် ငွေသွင်းငွေထုတ် ပမာဏကို ထိခိုက်မှုဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့်စရိတ်ကို တင်းကျပ်စွာထိန်းချုပ်ထားနိုင်လို့ EBITDA ကတော့ အခြေအနေကောင်းတုန်းပါ” လို့ ရိုးမက ပြောထားပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှုနှင့် ကိုဗစ်တတိယလှိုင်းကြောင့် မြန်မာ့စီးပွားရေးဟာ ဒီနှစ်မှာ ၁၈ရာခိုင်နှုန်းကျဆင်းမယ်လို့ ဇူလိုင်၂၆ရက်နေ့မှာ ကမ္ဘာ့ဘဏ်က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။
 
“ ဘဏ်ခွဲတွေ ပြန်ဖွင့်ပြီး ဗဟိုဘဏ်က စွက်ဖက်မှုတွေတော်တော်များများ လုပ်ပေးနေတဲ့ကြားထဲကပဲ ငွေစက္ကူထောက်ပံ့အားက မလုံမလောက်ဖြစ်နေတယ်၊ ဘဏ်နှင့်ငွေပေးချေလုပ်ငန်းတွေဟာ အကန့်အသတ်ရှိနေတယ်” လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
 
ပြီးခဲ့တဲ့ဇွန်လက Ant Financialက မှာ Wave Money မှာ အနည်းစုရှယ်ယာအတွက် ဒေါ်လာ၇၃.၅သန်းရင်းနှီးမြှပ်နှံမယ်လို့ ပြောခဲ့ပါတယ်။ Wave Money ရဲ့ တယ်လီနောရှယ်ယာ ၅၁ရာခိုင်နှုန်းကို ဒေါ်လာ ၇၆.၅သန်းနှင့် ဝယ်ယူလမယ်လို့ ရိုးမက ကြေညာပြီး သိပ်မကြာခင်မှာ သူတို့က အဲသလိုပြောခဲ့တာဖြစ်ပါတယ်။
 
ဒါပေမယ့် မေ၁၇ရက်မှာ ရိုးမက စင်ကာပူအိတ်ချိန်း SGX ကို ပေးပို့ရတဲ့ စာရွက်စာတမ်းမှာတော့ သူတို့ဝယ်မယ့် အစီအစဉ် ပျက်ပြယ်သွားပြီလို့ ဖော်ပြခဲ့ပါတယ်။
Wave Money ဟာ ၂၀၂၀ပြည့်နှစ်မှာ မြန်မာကျပ်၁၂ထရီလီယံ( အမေရိကန်ဒေါ်လာ ၈.၇ ဘီလျံ)ရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။ ၂၀၁၉ခုနှစ်မှာ ၆.၄ထရီလီယံကျပ်(အမေရိကန်ဒေါ်လာ၄.၃ဘီလျံ)ရှိခဲ့ရာကနေ နှစ်ဆတက်လာခဲ့တာဖြစ်ပါတယ်။
 
၂၀၁၉ခုနှစ်မှာ အမှန်သုံးစွဲသူ၂၁သန်းရှိခဲ့ရာကနေ ၂၀၂၀ စက်တင်ဘာ ၂၇သန်းအထိ တက်လာခဲ့ပါတယ်။ ၂၀၂၀ မြန်မာနိုင်ငံရဲ့ GDP အမေရိကန်ဒေါ်လာ၇၅.၅ ဘီလျံရဲ့ ၁၁.၅ ရာခိုင်နှုန်းကျော်နှင့် ညီမျှတဲ့ ငွေပမာဏာကို Wave Money က အလွှဲအပြောင်း လုပ်နိုင်ခဲ့တယ်လို့ ဇန်နဝါရီမှာ ထုတ်ပြန်ခဲ့တဲ ကုမ္ပဏီရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ KrAsia က ရေးသားထားပါတယ်။
Source: KrAsia