တင်ပြသူ - ဒေါက်တာသန်းနိုင်စိုး (ကျန်းမာရေးအသိပညာမြှင့်တင်ရေး)
 
မေး- ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမေခရွန် (omicron) (B.1.1.529) ကိုဘယ်နေရာ၊ ဘယ်အချိန်မှာစတင်တွေ့ ရတာပါလဲ?
ဖြေ- အိုမေခရွန် (omicron) (B.1.1.529) စတင်ရာအဖြစ် အာဖရိကတိုက်၊ တောင် အာဖရိကနိုင်ငံ နဲ့ ဘော့ဆွာနာနိုင်ငံလို့ ကနဦးသိထားရပါတယ်။ အတည်ပြုတွေ့ရှိရခြင်း အနေနဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၄)ရက်မှ(၁၆)ရက်အတွင်းမှာ တောင်အာဖရိကနိုင်ငံမှာ တွေ့ခဲ့ရတာဖြစ်ပြီး တောင်အာဖရိကနိုင်ငံမှာတော့ လက်တလောအနေနဲ့ လူနာ(၁၀၀)ဦး ခန့်မှာ အိုမေခရွန် (omicron) မျိုးဗီဇပြောင်းပိုး ကိုတွေ့ရှိထားတာဖြစ်ပါတယ်။
မေး- ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမေခရွန် (omicron) (B.1.1.529)ကို ဘာကြောင့် အထူးသတိပြုစောင့်ကြည့်ရမှာလဲ?
ဖြေ- ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ (B.1.1.529) ရဲ့ဆူးချွန်မှာ မျိုးဗီဇပြောင်းလဲမှု (၃၀)ခန့်ရှိ လို့ ဗီဇပြောင်းတာအလွန်များပြားတယ်လို့သိရပါတယ်။
(B.1.1.529)အဖြစ် စတင်တွေ့ရှိအတည်ပြုပြီး တစ်ပါတ်ခန့်အတွင်းမှာပဲ ဘော့ဆွာနာ၊ တောင်အာဖရိက၊ ဟောင်ကောင်၊ အစ္စရေး (မာလာဝီနိုင်ငံမှပြန်လာသူ)၊ ဘယ်လဂျီယမ် တို့ကို စတင်ပျံ့နှံ့ ရောက်ရှိပြီးဖြစ်တယ်လို့ သိရပါတယ်။
ဒါကြောင့်လည်း အဲဒီပိုးမျိုး ကွဲစတင်တွေ့ရှိတဲ့ တောင်အာဖရိကနိုင်ငံက ကမ္ဘာ့ကျန်းမာရေး အဖွဲ့ ကို အကြောင်းကြား ခဲ့တာဖြစ်ပြီးကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ နည်းပညာကွန်ဖရင့် (၂၆-၁၁-၂၀၂၁)တွင် ဒီမျိုးကွဲအသစ်နဲ့ပတ်သက်လို့ဆွေးနွေးအပြီးမှာ စိုးရိမ်သဖွယ်ကူးစက် ဖြစ်ပွားမှုများ ဖြစ်ပေါ်နိုင်သည့် မျိုးဗီဇပြောင်းပိုးများအုပ်စု (Variants of Concern) မှာ အယ်(လ်)ဖာ၊ ဘီတာ၊ ဂမ်မာ နဲ့ ဒယ်(လ်)တာ တို့နဲ့အတူ အိုမေခရွန် (omicron) မျိုးဗီဇပြောင်းပိုးအဖြစ် ငါးခုမြောက်အမည်ပေးထည့်သွင်းလိုက်တာဖြစ်ပါတယ်။
မေး- အိုမေခရွန် (omicron) (B.1.1.529)မှာ မျိုးဗီဇပြောင်းလဲမှုတွေများနေတာတွေကနေ ဘယ်လိုနောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်ပါသလဲ?
ဖြေ- ဒီလိုဗီဇပြောင်းတာတွေများတဲ့ ကိုဗစ်-၁၉ ရောဂါပိုး အနေနဲ့ကတော့ မူလ ကိုဗစ်-၁၉ ပိုးရဲ့ရောဂါကူးစက်ပြန့်ပွား/ဖြစ်ပွားစေတဲ့ပြုမူပုံတွေနဲ့လုံးဝမတူနိုင်တော့တာဖြစ်ပါတယ်။ လက်တလောမှာ သူရဲ့ နောက်ဆက်တွဲဆိုးကျိုး တွေကိုဆက်လက်စောင့်ကြည့်လျက်ရှိပြီး ဖြစ်နိုင်ချေရှိတဲ့နောက်ဆက်တွဲဆိုးကျိုးတွေအနေနဲ့ -
(က) ဆူးချွန်မှာပါရှိတဲ့ ခုခံအားစနစ်အရ အရေးပါတဲ့(RBD – Receptor Binding Domain) နှင့် (NTD - N-terminal domain)နေရာတွေမှာ ပြောင်းလဲမှုတွေဖြစ်ခြင်းကြောင့် ကာ ကွယ်ဆေးတွေရဲ့ထိရောက်မှု (neutralization antibodies effects)ကို လျော့ကျနိုင် စေသလို လူလုပ်ပဋိပစ္စည်း(therapeutic monoclonal antibodies)တွေရဲ့ ထိရောက်မှု ကိုလည်း လျော့ကျစေနိုင်ပါတယ်။
(ခ) ဆူးချွန်မှာပါရှိတဲ့ လူ့ခန္ဓာကိုယ်ဆဲလ်ထဲကိုဝင်နိုင်အောင် ဆောင်ရွက်တဲ့အပိုင်းမှာ ပြောင်းလဲမှုတွေဖြစ်ခြင်း (H655Y + N679K + P681H) ကြောင့် ရောဂါကူးစက်ပြန့်နှံ့မှုကို ပိုမိုမြန်ဆန်စေနိုင်ပါတယ်။
(ဂ) အယ်(လ်)ဖာ၊ ဘီတာ၊ ဂမ်မာ နဲ့ လမ်ဘဒါ မျိုးကွဲတွေမှာလို (nsp6 deletion) ပြောင်း လဲမှုတွေကြောင့်မွေးရာပါကိုယ်ခံအားစနစ် (innate immunity) ကို ရှောင်လွဲနိုင်စွမ်းတွေ ရှိလာနိုင်လို့ ရောဂါကူးစက်ပြန့်နှံ့မှုကို ပိုမိုမြန်ဆန်စေနိုင်ပါတယ်။
(ဃ) ကိုဗစ်-၁၉ ရောဂါပိုးရဲ့အတွင်းရှိ မျိုးဗီဇ (nucleocapsid) မှာလည်း အယ်(လ်)ဖာ၊ ဂမ်မာ နဲ့ လမ်ဘဒါ မျိုးကွဲတွေမှာလို ပြောင်းလဲမှု (R203K + G204R mutations) တွေ ဖြစ်လို့ရောဂါဝင်ရောက်ကူးစက်ဖြစ်ပွားနိုင်ခြင်း (infectivity) ကို မြင့်တက်လာနိုင်ဖွယ် ရှိတာ တွေ့ရပါတယ်။
မေး- အိုမေခရွန် (omicron) ဗီဇပြောင်းပိုးကနေ ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှု အပေါ်ဘာတွေဆက်ဖြစ်နိုင်ပါသလဲ?
ဖြေ-လက်ရှိတောင်အာဖရိကနိုင်ငံရဲ့အခြေအနေကိုကြည့်ရရင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု တွေဟာ မျိုးဗီဇပြောင်းလဲတဲ့ပိုးတွေဝင်ရောက်ကူးစက်ဖြစ်ပွားမှုနဲ့အတူ ရောဂါဖြစ်ပွားမှု တွေကို လှိုင်းအသွင်တွေ့မြင်ရတာဖြစ်ပြီး ပူးတွဲပါပုံမှာ အိုမေခရွန် (omicron) ဝင်ရောက်လာမှုနဲ့အတူ လှိုင်းတစ်လှိုင်းအသစ် ဖြစ်ပွားလာနိုင်မှုရဲ့အစအသွင်ဖြစ်နေတာမို့ သတိကြီးစွာ ထားပြီးစောင့်ကြည့်ရမယ့်အနေအထားဖြစ်ပါတယ်။
မေး- အိုမေခရွန် (omicron) ဗီဇပြောင်းပိုးနဲ့ပတ်သက်လို့ ကမ္ဘာ့နိုင်ငံများ ရဲ့ဆောင်ရွက် ချက်ကိုသိပါရစေ?
ဖြေ-လက်ရှိအချိန်မှာသိရှိရချက်များအရ ဥရောပသမဂ္ဂနဲ့ ယူကေနိုင်ငံတို့က အာဖရိက တောင် ပိုင်းနိုင်ငံတွေ နဲ့ခရီးသွားလာမှု ကန့်သတ်ချက်တွေတိုးမြှင့်ဆောင်ရွက်မယ်လို့ သိရပါတယ်။
ဂျာမဏီ၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊ ဩစတြီးယား၊ ဘယ်လဂျီယမ်၊ မော်လတာ၊ ချက် နိုင်ငံတွေကတော့ တောင်အာဖရိကတိုက်က (၆)နိုင်ငံဖြစ်တဲ့ တောင်အာဖရိက၊ နမီးဘီးယား၊ လီဆိုသို၊ ဘော့ဆွာနာ၊ အက်(စ်)ဆွာတီနီ (ဆွာဇီလန်)၊ ဇင်ဘာဘွေ နိုင်ငံတွေက လေယာဉ်တွေဝင်ရောက်မှုကို ကန့်သတ်လိုက်ပြီဖြစ်ပါတယ်။
အစ္စရေးနှင့် စင်ကာပူနိုင်ငံတွေကတော့ သူ့နိုင်ငံသားတွေကို တောင်အာဖရိကနိုင်ငံ ကိုသွားရောက်ခွင့်မပြုတော့သလို အဲဒီဒေသက ခရီးသွားတွေကိုလည်းဝင်ရောက်ခွင့် မပြုတော့ပါဘူး။
မေး- အိုမေခရွန် (omicron) ဗီဇပြောင်းပိုးနဲ့ပတ်သက်လို့ ရောဂါကာကွယ်ရေးနည်းလမ်း တွေက ဘာတွေ ပါလဲ?
ဖြေ-ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများကို ဆက်လက်၍ သတိပြုလိုက်နာ ဆောင်ရွက်ရမှာပါ၊ နောက်ထပ်အရေးကြီးတာက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ကို အကြိမ်ပြည့် မပျက်မကွက်ခံယူရမှာပါ၊ ကိုဗစ်-၁၉ ရောဂါပိုးမျိုး တွေဘယ်လိုပဲပြောင်း နေပါစေကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့်ခံယူထားရင် ရောဂါ ဝင်ရောက်ကူးစက်ခံ ရရင်တောင်ရောဂါပြင်းထန်စွာဖြစ်ပွားမှုနဲ့ရောဂါကြောင့်သေဆုံးမှုတွေကို သိသာစွာလျှော့ ချပေးနိုင်တာဖြစ်ပါတယ်။
ကိုဗစ်-၁၉မျိုးဗီဇပြောင်းရောဂါပိုးတွေဆိုတာလူရဲ့ခန္ဓာကိုယ်ထဲကိုရောက်မှသူတို့ရဲ့ အဓိက အစွမ်းသတ္တိကိုပြတာပါ၊ ဒါကြောင့် လူခန္ဓာကိုယ်ထဲကို ရောဂါပိုးဝင်ရောက်ကူးစက်မှုမရှိ စေရေးအတွက် -
- အတတ်နိုင်ဆုံး မိမိတို့၏နေအိမ်များတွင်သာနေထိုင်ခြင်းနှင့် လူစုလူဝေးကို တတ် နိုင်သမျှ ရှောင်ကြဉ်ခြင်း၊
- နေအိမ်ပြင်ပသို့ သွားရောက်ရန်နှင့် လူအများစုဝေးရာသို့ သွားရောက်ရန်များရှိပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask) ကို မဖြစ်မနေ စနစ်တကျတပ်ခြင်း၊
- လက်ကိုမကြာခဏဆေးကြောခြင်း၊
- တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာနေထိုင်ခြင်း၊
- သံသယရောဂါလက္ခဏာ တစ်စုံတစ်ရာရှိပါက မိမိဘာသာကုသခြင်းမျိုး မဆောင် ရွက်ဘဲ နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ်သတင်းပေးပို့၍ မိမိနှင့် အနီးကပ်ထိတွေ့သူများအား ကျန်းမာရေးဌာနက စုံစမ်းရှာဖွေဖော်ထုတ်ရာတွင် သတင်းပေးပို့ ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
- ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ဆက်စပ်ခဲ့သူများသည်လည်း ကျန်း မာရေးဌာနသို့သတင်းပေးပို့၍ အသွားအလာကန့်သတ်ခြင်းနှင့် ဓာတ်ခွဲစစ်ဆေး ခြင်း လုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။
ဒါ့အပြင် ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အချိန်တိုအတွင်းထိရောက်အောင်မြင်၍ လူမှုစီးပွားလုပ်ငန်းများ ကောင်းစွာလည်ပတ်နိုင်ရေးအတွက် အဆိုပါလုပ်ငန်းများတွင် ပြည်သူလူထုအနေဖြင့် မိမိတို့ ကဏ္ဍအလိုက် ယခုထက် ပိုမိုပူးပေါင်း ပါဝင်ဆောင်ရွက်ကြဖို့လည်း လိုအပ်တဲ့ အကြောင်းတင်ပြလိုက်ရပါတယ်။
References:
1. Sciblogs | COVID-19: The B.1.1.529 variant – what do we know?
2. What to know about new B.1.1.529 COVID-19 variant (nypost.com)
3. Covid-19, B.1.1.529: All You Need to Know About New Coronavirus Variant in South Africa B.1.1.529 S (indianexpress.com)
 
 
Source :ကျန်းမာရေးဝန်ကြီးဌာန၏  Facebook page မှရယူပါတယ်)