#LocalNews


Published - 29 Dec 2021

 

တရုတ်နိုင်ငံကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ ကိုဗစ်-၁၉ Vaccine နှစ်သိန်းလှူဒါန်းခဲ့ပါတယ်။

 


တရုတ်နိုင်ငံ ကြက်ခြေနီအသင်းမှ မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ လှူဒါန်းပေးအပ်တဲ့ Sinopharm ကိုဗစ်-၁၉ Vaccine အကြိမ်ရေ (Doses) နှစ်သိန်းလွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားကို ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပခဲ့ပါတယ်။

အဆိုပါ Vaccine တွေကို မြန်မာနိုင်ငံကြက်ခြေနီအသင်း စေတနာ့ဝန်ထမ်းတွေ ရပ်ကွက်ဝန်ဆောင်မှု အဖွဲ့အစည်းဝန်ထမ်းတွေနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေအတွက် ထိုးနှံပေးမှာ ဖြစ်ပါတယ်။

 

" Vaccine ဟာ ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ မြန်မာနိုင်ငံသို့ပို့ဆောင်ရောက်ရှိခဲ့ပြီး ထိုအတွက်ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ နှစ်ဦးနှစ်ဖက်ကလူပုဂ္ဂိုလ်တွေကို လေးနက်စွာကျေးဇူးတင်ရှိပါကြောင်း၊ တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ ကပ်ရောဂါတိုက်ဖျက်ရေးကူညီမှုများ ဆက်လက်ပေးအပ်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းနဲ့အတူ ကူးလူးဖလှယ်ပူးပေါင်းဆောင်ရွက်ကာ နှစ်နိုင်ငံပြည်သူတွေ ကျန်းမာရေးဘေးကင်းရေးအတွက် ပိုမိုများပြားတဲ့ အကျိုးစီးပွားတွေ ဖော်ဆောင်ပေးလိုပါတယ်" လို့ သံမှူးကြီး Ms. Li Xiao Yan က ပြောပါတယ်။

 

ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံက မြန်မာနိုင်ငံသို့ထောက်ပံ့ပေးတဲ့ ကိုဗစ်-၁၉ Vaccine စုစုပေါင်းပမာဏဟာ သန်း ၄၀ ရှိပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်ကလည်း " ကိုဗစ်-၁၉ ကပ်ရောဂါထိခိုက်မှုကြောင့် မြန်မာနိုင်ငံဟာ တစ်နေ့တစ်ခြားပိုမိုများပြားတဲ့ လူသားချင်းစာနာထောက်ထားမှုလိုအပ်ချက်ကို ရင်ဆိုင်နေရပြီး တရုတ်နိုင်ငံက မြန်မာနိုင်ငံကို Vaccine လှူဒါန်းပေးအပ်မှုကို အထူးပင်ကျေးဇူးတင်ရှိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

 

အဆိုပါအခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး သံမှူးကြီး Ms. Li Xiao Yan ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာမောင်မောင်မြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်အမယာမော်နိုင်တို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

#Yangon_Media_Group