Published - 18 Sep 2021
မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုအခြေအနေတွေဟာ တိုက်ပွဲ၊ လုံခြုံရေးအခြေအနေ၊ မုတ်သုံမိုးနဲ့ ကိုဗစ်-၁၉ ရောဂါတွေကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး လူဦးရေစုစုပေါင်း၃သန်းခန့်ဟာအကူအညီနဲ့အကာအကွယ်ပေးရေးအစီအစဉ်တွေ လိုအပ်လျက်ရှိတယ်လို့ United Nations OHAC Myanmarလူသားချင်းစာနာမှုဆိုင်ရာ အကျဉ်းချုပ်သတင်းလွှာမှာဖော်ပြထားပါတယ်။
အဆိုပါကိန်းဂဏန်းထဲမှာ လက်ရှိတုံ့ပြန်မှုအစီအစဉ်အရ ပေးအပ်ဖို့ သတ်မှတ်ထားသူဦးရေစုစုပေါင်း ၁သန်းအပြင် ဖေဖေါ်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းက လူဦးရေ ၂ သန်းပါဝင်ပါတယ်လို့ ဆိုထားပါတယ်။
ဖေဖေါ်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းကတည်းကတိုက်ပွဲတွေကြောင့် လူဦးရေ ၂၀၆,၆၀၀ ကျော်ဟာ ချင်း၊ ကချင်၊ ကယား၊ကရင်၊မွန်ပြည်နယ်တို့နဲ့တနင်္သာရီတိုင်းဒေသကြီးတွေမှာအိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး မကွေးနဲ့စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ ပြီးခဲ့တဲ့လတွေကဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ခန့်မှန်းခြေလူဦးရေထောင်သောင်းချီတဲ့အိုးအိမ်စွန့်ခွာပြေးရမှု၊လုံခြုံရေးအခြေအနေ တိုးတက်လာတဲ့အခါမူလနေရာသို့ပြန်လာမှုသတင်းတွေကို ကြားသိရကာ သွားလာရေးဆိုင်ရာ စိန်ခေါ်မှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရတဲ့ အရေအတွက်ကို‌တော့ ဒီအကျဉ်းချုပ်ရေးချိန်မှာအတိအကျမရရှိခဲ့ဘူးလို့ရေးသားထားပါတယ်။
ဒါ့အပြင်စက်တင်ဘာလအတွင်း ကယားပြည်နယ်မှာလူဦးရေ ၂၂,၀၀၀ ခန့်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးရပြီး နေရပ်စွန့်ခွာထွက်ပြေးလာခဲ့သူအများစုဟာ မူလနေရာသို့ပြန်လည်ရောက်ရှိနေထိုင်ကြကြောင်း မှတ်တမ်းတင်ထားနိုင်ခဲ့တယ်လို့ဆိုထားပါတယ်။
UNHCR က စက်တင်ဘာလ ၁၃ ရက်နေ့မှာထုတ်ပြန်တဲ့ ကိန်းဂဏန်းများအရ ဖေဖေါ်ဝါရီလ ၁ရက်နေ့နောက်ပိုင်းမှာ လူဦးရေ ၁၄၉,၀၀၀ ကျော်ဟာ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသတွေမှာ အိုးအိမ်စွန့်ခွာထွက်ပြေးပြီး၎င်းတို့ထဲမှာ ကယားပြည်နယ်က ၇၉,၂၀၀၊ ရှမ်းပြည်နယ်‌တောင်ပိုင်းက ၁၈,၅၀၀၊ ကရင်ပြည်နယ်က ၄၉,၃၀၀၊ မွန်ပြည်နယ်က ၁,၁၀၀၊ တနင်္သာရီတိုင်းဒေသကြီးက ၉၀၀ ခန့် ပါဝင်နေတယ်လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ်စပိုင်းကတည်းက ကချင်ပြည်နယ်မှာ လူဦးရေ ၁၃,၇၃၀ ခန့်ဟာ တိုက်ပွဲရှောင်နေရပြီး ယခုအထိ ၇,၇၅၀ ကျော်ဟာ စစ်ရှောင်စခန်းတွေမှာနေထိုင်ရလျက်ရှိကာ ရှမ်းပြည်နယ်မှာ၂၈,၆၈၀ခန့်ဟာလည်းအိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး ၈,၁၅၀ခန့်ဟာမြို့နယ်၅ခုက ယာယီစခန်းတွေမှာ နေထိုင်နေရတယ်လို့သိရပါတယ်။
သတင်းရင်းမြစ်မျိုးစုံက အချက်အလက်များအရ စက်တင်ဘာလ ၁၀ ရက်နေ့ကတည်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်က လူဦးရေ ၁,၀၀၀ခန့်ဟာ နယ်စပ်ဖြတ်ကျော်ပြီး အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းရှိ မီဇိုရမ်ပြည်နယ်သို့ ဝင်ရောက်တိမ်းရှောင်နေရပြီး UNHCR က ထုတ်ပြန်တဲ့ ကိန်းဂဏန်းများအရ ၂၀၂၁ ခုနှစ် နှစ်စပိုင်းကတည်းက စုစုပေါင်း လူဦးရေ ၁၅,၀၀၀ဟာ အိန္ဒိယနိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်နေထိုင်လျက်ရှိတယ်လို့ သတင်းလွှာမှာရေးသားဖော်ပြထားပါတယ်။