#LocalNews
Published- 19 Jan 2022


ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့ ကိန်းဂဏန်းများအရမြန်မာနိုင်ငံရဲ့ အရှေ့တောင်ပိုင်းမှာ ၂၀၀,၄၀၀ ဦး (၅၃ ရာခိုင်နှုန်း) နဲ့ အနောက်မြောက်ပိုင်းမှာ ၁၅၇,၅၀၀ ဦး (၄၁ ရာခိုင်နှုန်း) အပါအဝင် လူဦးရေ ၃၇၇,၈၀၀ ခန့်ဟာ မြန်မာနိုင်ငံအတွင်းမှာ တိုက်ပွဲရှောင်ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။

ဒါ့အပြင်လူဦးရေ ၂,၈၀၀ ခန့်ဟာ ထိုင်းနိုင်ငံအတွင်းက ယာယီစခန်းတွေမှာ နေထိုင်ရလျက်ရှိကာ လုံခြုံရေးအခြေအနေနဲ့ သွားလာခွင့်ဆိုင်ရာ ခွင့်ပြုမိန့်ရရှိဖို ကြန့်ကြာခြင်း၊ စစ်ဆေးရေးဂိတ်များစွာရှိခြင်းစတဲ့ သွားလာမှုဆိုင်ရာ အခက်အခဲတွေကြားထဲမှ လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်သူတွေဟာ ဒေသခံမိတ်ဖက်များနဲ့ ပူးပေါင်းပြီး ထိခိုက်ခံစားရသူများအတွက် အရေးပေါ်အကူအညီတွေကို ပေးအပ်လျက်ရှိတယ်လို့သိရပါတယ်။

တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များဒေသခံလက်နက်ကိုင်တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကာ ကယားနဲ့ ကရင်ပြည်နယ်တွေမှာ ပိုမိုပြင်းထန်နေပြီး လက်နက်ကြီးအသုံးပြုမှု၊ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေပါတယ်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၃ ရက်နေ့မှာ ကယားပြည်နယ်၊ လွိုင်ကော်မြို့က လူဦးရေ ထက်ဝက်ကျော်ဟာ ရပ်ရွာစင်တာ၊ ဘာသာရေးအဆောက်အအုံတွေမှာ ယာယီနေထိုင်နေကြရသလို အချို့ကတော့ နီးစပ်ရာတောတောင်တွေထဲသို့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

လူဦးရေ ၅,၀၀၀ ခန့်ဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့သို့ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရပြီး လူ ၁,၀၀၀ ခန့်ဟာ ထိုင်းနိုင်ငံ၊ မယ့်ဟောင်ဆောင်ခရိုင်အတွင်းသို့ ထွက်ပြေးနေကြပြီး၂၀၂၁ ခုနှစ်၊ မေလကတည်းက ကယားပြည်နယ်မှာ အိမ်အလုံးပေါင်း ၆၅၀ ကျော်၊ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေအပါအဝင် အခြား အရပ်သားပိုင်ဆိုင်တဲ့ အဆောက်အအုံတွေ မီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။

ကရင်ပြည်နယ်မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလလယ်ကတည်းက လူဦးရေ ၂၂,၀၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့နေကြတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံးကနေထုတ်ပြန်ထားပါတယ်။

ymg/hm