#LocalNews

Published - 9 Jan 2022

တရုတ်နိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် ပုဂံသဗ္ဗညုဘုရားကို UNESCO ၏ သတ်မှတ်ချက်များအတိုင်း ရှေးမူ
မပျက် ပြုပြင်ထိန်းသိမ်းမှုများ လုပ် ဆောင်သွားမည့် စီမံကိန်း စတင် နေပြီဖြစ်တယ်လို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ ပုဂံသဗ္ဗညုဘုရားပြုပြင်ထိန်းသိမ်းရေးစီမံကိန်းဖွင့်ပွဲ အခမ်းအနားကိုလည်း ဇန်နဝါရီလ ၈ ရက်နေ့က
ပုဂံမြိုမှာ ကျင်းပခဲ့ကြတာပါ။

အခမ်းအနားတွင် တရုတ်သံအမတ်ကြီး Mr. Chen Hai က "ပုဂံဘုရားပုထိုးများသည် ကမ္ဘာကျော် နာမည်ကျော်ကြားသည့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ပုဂံ၌ ငလျင်ဖြစ်ပွားခဲ့ပြီးနောက် တရုတ်နိုင်ငံအစိုးရက ပုဂံဒေသတွင် လာရောက်လေ့လာရန် အလျင်မြန်ဆုံးပညာရှင်အဖွဲစေလွှတ်၍ မြန်မာနိုင်ငံနှင့်အတူ စေတီပုထိုးပြုပြင်မွမ်းမံရေးအစီအစဉ်များဆွေးနွေးညှိနှိင်းခဲ့ပြီး မြန်မာနိုင်ငံက ကနဦးအရေးပေါ် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကူညီရန် လှူဒါန်းငွေပေးအပ်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်မေလမှစ၍ တရုတ်နိုင်ငံသည် သဗ္ဗညုဘုရားအဆောက်အအုံအပိုင်းဖွဲစည်းပုံကိုအကဲဖြတ်ခြင်း၊ ဘုရားအရေးပေါ် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း၊ အထွေထွေပြုပြင်ထိန်းသိမ်းရေးအစီအစဉ် အသေးစိတ်ဒီဇိုင်း လုပ်ငန်းများကိုဖော်ဆောင်ခဲ့ပြီးဖြစ်ကြောင်း၊ တရုတ်အဖွဲသည် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ယဉ်ကျေးမှုအဖွဲ (UNESCO) ၏ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေး တောင်းဆိုချက်အရ ဘုရားပြုပြုင်ထိန်းသိမ်းမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း" ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပုဂံသည် ဧရာဝတီမြစ်ကမ်းဘေး၌ တည်ရှိပြီး တရုတ်နိုင်ငံနှင့်တစ်မြစ်တည်း ဆက်စပ်နေကြောင်း၊ ဘုရားပြုပြင်ထိန်းသိမ်းရေး ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံက ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးနှင့် ယဉ်ကျေးမှုအနုပညာနယ်ပယ်တွင် ကူးလူးဖလှယ်မှုကိုမြှင့်တင်ပေးပြီး နှစ်နိုင်ငံ၏ “ဗုဒ္ဓရေစက်” ကိုပိုမိုနက်ရှိင်းစေကာ နှစ်နိုင်ငံပြည်သူများ၏ “ဆွေမျိုးပေါက်ဖော်” သံယောဇဉ်ခိုင်ခံ့စေရေးအတွက် အုပ်တစ်ချပ် သဲတစ်ပွင့်ဖြည့်ပေးမှာဖြစ်တယ်လို သံအမတ်ကြီး Mr. Chen Hai က ဆိုပါတယ်။

ဆက်လက်၍ မြန်မာနိုင်ငံ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံက "တရုတ်နိုင်ငံအစိုးရနှင့် ပြည်သူများက မြန်မာနိုင်ငံရှေးဟောင်းအမွေအနှစ် အဆောက်အအုံများထိန်းသိမ်းရေးအတွက် အင်တိုက်အားတိုက်ထောက်ခံအားပေးမှုကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ-တရုတ်နှစ်နိုင်ငံသည် တောတောင်ရေမြေချင်းဆက်စပ်လျက်ရှိပြီး ရှည်ကြာသည့် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးအစဉ်အလာရှိကြောင်း၊ ပျူခေတ်နှင့်ပုဂံခေတ်ကပင် နှစ်နိုင်ငံသံတမန်များအပြန်အလှန်စေလွှတ်မှုရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်၍ သဗ္ဗညုဘုရားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဖော်ဆောင်ပြီး မြန်မာ-တရုတ်ချစ်ကြည်ရေးကိုလက်ဆင့်ကမ်းသွားမည်ဖြစ်ကြောင်း" အဆိုပါ စီမံကိန်းစတင်သည့် အခမ်းအနားမှာ ပြောကြားခဲ့တယ်လို သိရပါတယ်။

ymg/kg
#Yangon_Media_Group