၁၀ ဇွန် ၂၀၂၄
သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲအခမ်းအနားအား ပစ်ခတ်တိုက်ခိုက်မည့် ရန်ကုန်UG အဖွဲ့ဝင် (၉) ဦးတို့ကို ၁ဝ၇ မမ ရှော့တိုက်ဒုံးသီးများနှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ နစက သတင်းထုတ်ပြန်ရေး အဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက် အရသိရပါတယ်။
ဇွန်လ ၈ ရက်တွင် သန်လျင်တံတားအမှတ်(၃)ဖွင့်ပွဲအခမ်းအနားကျင်းပရာသို့ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန်စီစဉ်လျက်ရှိကြောင်း သတင်းရရှိတဲ့အတွက် ဖော်ထုတ်ဖမ်းဆီးမိခဲ့တာဖြစ်တယ်လို့ ဆိုပါ တယ်။
ရန်ကုန်UGအဖွဲ့ဝင်တွေဖြစ်ကြတဲ့ စိန်ကြီး(ခ)အောင်ထွေး(၂၆)နှစ်၊ ချိုကြီး(ခ)ဟိန်းထက်အောင်(၁၈)နှစ်၊ မင်းသူ (၃၀)နှစ်၊ မောင်ဟိန်း(၂၄)နှစ်၊ အောင်သူရထွန်း(၂၅)နှစ်၊ ပြည့်ဖြိုးဇော်(၁၈)နှစ်နှင့် ထက်အာကာလင်း(၂၆)နှစ်တို့ ၇ ဦးအား ၁ဝ၇ မမရှော့တိုက်ဒုံး ၂ လုံး၊ ဖြူးစ် ၂ ခု၊ လက်ပစ်ဗုံး ၂ လုံး၊ ဘတ္ထရီအိုး ၂ လုံး၊ ဝါယာကြိုးခွေ ၄ ခွေ၊ အခြားဆက်စပ်ပစ္စည်းများနှင့်အတူ ဇွန်လ ၈ ရက် နံနက်ပိုင်းတွင် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ (၆၁)ရပ်ကွက် ၊သင်္ဘောကျင်းဝန်ထမ်း အိမ်ယာဝန်းအတွင်းရှိ သစ်သားလိုင်းခန်းအဟောင်း၌ ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ် ပြန်ချက်မှာဖော်ပြထားပါတယ်။
သူတို့ရဲ့ ထွက်ဆိုချက်အရ ဇွန်လ ၉ ရက် နံနက်ပိုင်းတွင်ရှော့တိုက်ဒုံးပစ်ခတ်ရန် ပူးပေါင်းပါဝင်သူများဖြစ်သော ချစ်ကေခိုင်(၃၈)နှစ်အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ (၇၂)ရပ်ကွက်၊ သဇင်လမ်း၊ အမှတ်(၉၃)နေအိမ်မှ လည်း ကောင်း၊ဇာနည်အောင်(ခ)ကိုဇာ(၃၂)နှစ်အား ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၇၂)ရပ်ကွက်၊ဗန္ဓုလလမ်း၊ အမှတ်(၁၁၁)နေအိမ်မှ ၁၀၇ မမ ရှော့တိုက်ဒုံး ၁ လုံး၊ ဖြူးစ်တစ်ခုတို့ဖြင့်လည်းကောင်း အသီးသီးထပ်မံ ဖော်ထုတ် ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
ဖမ်းဆီးရမိတဲ့အဖွဲ့ဝင်တွေရဲ့ ထွက်ဆိုချက်အရ Brigate Drone Force PDFအဖွဲ့ဝင် အာကာမင်း မှ ၂၀၂၄ ခုနှစ်၊ ဧပြီလတတိယပတ်တွင် Instagram မှတစ်ဆင့် ရှော့တိုက်ဒုံး ချိန်ရွယ်နည်းနှင့် ပစ်ခတ်နည်းများအား သင်ကြားပေးခဲ့ပြီး အာကာမင်းမှာ လွတ်မြောက်နေဆဲဖြစ်တယ်လို့သတင်းထုတ်ပြန်ထားပါ တယ်။၊
သန်လျင်တံတားအမှတ်(၃) ဖွင့်ပွဲကိုပစ်ခတ်ရန်အတွက် မေလ ၁၉ ရက်တွင် ရန်ကုန် UG အဖွဲ့ဝင် ဖြူနှင်း အေး(ခ)မီးအိမ်ရှင် မှ စိန်ကြီး(ခ)အောင်ထွေး အား ဆက်သွယ်၍ ၁၀၇ မမရှော့တိုက် ဒုံးသီး ၃ လုံးနှင့် လက်ပစ်ဗုံး ၂ လုံးတို့အား ချိတ်ဆက်ပို့ဆောင်ပေးခဲ့သဖြင့်စိန်ကြီး(ခ)အောင်ထွေး၊ ဇာနည်အောင်(ခ)ကိုဇာနှင့် ချစ်ကေခိုင် တို့ ၃ ဦးမှ ပုဇွန်တောင်မြို့နယ်၊ Ocean Center အနီးရှိ ကားမှတ်တိုင်တွင် ရန်ကုန် UG အဖွဲ့ဝင် (စိစစ်ဆဲ)ကျား ၂ ဦးထံမှ သွားရောက်ယူဆောင်ခဲ့ပြီး သိုဝှက်သိမ်းဆည်းထားခဲ့တာဖြစ်ပါတယ်။ ဖြူနှင်းအေး(ခ) မီးအိမ်ရှင်မှာ လွတ်မြောက် နေဆဲဖြစ်တယ်လို့ဆိုပါတယ်။
စိန်ကြီး(ခ)အောင်ထွေး၊ ချိုကြီး(ခ)ဟိန်းထက်အောင်၊ မောင်ဟိန်း၊ ပြည့်ဖြိုးဇော်၊ ထက်အာကာလင်း၊ ဇာနည်အောင်(ခ) ကိုဇာနှင့် ချစ်ကေခိုင် တို့ ၇ ဦးသည် ဇွန်လ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ သန်လျင်တံတား၏ အခြေအနေ၊ သန်လျင်တံတားအဆင်း တိုးဂိတ်အနီးနေရာနှင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြနန္ဒာအိမ်ရာ အနီး တစ်ဝိုက်ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အခြေအနေတို့အား ၅ ကြိမ် သွားရောက်ကြည့်ရှုခဲ့ကြတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
အဲဒီနောက်၁၀၇ မမ ရှော့တိုက်ဒုံးပစ်ခတ်မည့်နေရာအား ဆိပ်ကမ်းသာလမ်းအောက်ဘက် “ဘုရင်ကြီး” သဲကျောက်ရောင်းဝယ်ရေးလုပ်ငန်း၏ အရှေ့ဘက် မီတာ ၁၀၀၀ ခန့်အကွာ သဲကွင်းပြင်နေရာကို ရွေးချယ် သတ်မှတ်ခဲ့ပြီး ဇွန်လ ၈ ရက် တံတားဖွင့်ပွဲအခမ်းအနားကျင်းပမည့်အချိန်တွင် ပစ်ခတ်ဖောက်ခွဲရန် စီစဉ်ခဲ့ကြကြောင်း ဖော်ထုတ်သိရှိရတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်တွင် တရားခံ ကျား ၈ ဦး၊မ ၁ ဦး ပေါင်း ၉ ဦးတို့နှင့်အတူ ၁ဝ၇ မမရှော့တိုက်ဒုံး ၃ လုံး၊ ဖြူးစ် ၃ ခု၊ လက်ပစ်ဗုံး ၂လုံး၊ ဘတ္ထရီအိုး ၂ လုံး၊ ဝါယာကြိုးခွေ ၄ ခွေနှင့် အခြားဆက်စပ် ပစ္စည်းများအားဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါတယ်။
@ymg/knl