#LocalNews

Published - 18 Dec 2021

 

ရခိုင်ပြည်နယ်ဒေသအချို့တွင်ဖြစ်ပေါ်နေသေ ာဖြစ်စဥ်အချို့မှာ ရခိုင်ပြည်အား လူမျိုးရေးပဋိပက္ခများဖန်တီးပြီး ဒေသတွင်းပဋိပက္ခဖြစ်ပေါ်လာစေရန် တမင်လုပ်ဆောင်နေသောလုပ်ရပ်၊ မတည်မငြိမ်မှုများကို ဖန်တီးလှုံ့ဆော်သောလုပ်ရပ်နဲ့ စိုးရိမ်ထိတ်လန့်မှုများကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖန်တီးသောလုပ်ရပ်များဟု ရှုမြင်ပြီးသတိပြုရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA) က ဒီဇင်ဘာ ၁၇ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

 

ထုတ်ပြန်ရာတွင် ရခိုင်ပြည်ရဲ့ မြို့နယ်အချို့တွင် ဒီဇင်ဘာလအတွင်း ထူးခြားဖြစ်စဉ်များနဲ့ လူမျိုးရေးဦးတည်တဲ့ဖြစ်စဉ်များကို ဆက်တိုက်ရှိလာကာ ဒီဇင်ဘာလ ၉ ရက်မှ ၁၄ ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်များမှာ (၁) မြောက်ဦးမြို့နယ်၊ အောက်သကန်ကျေးရွာအတွင်း စပါးရိတ်သိမ်းခြွေလှည့်စက် (၂)လုံး မီးရှို့ခံရသည့်ဖြစ်စဉ်၊ (၂) မြောက်ဦးမြို့နယ်၊ လောင်းကြက်ရွာအနီး ရိတ်သိမ်းပြီးစုပုံထားသော စပါးစည်း(ကောက်လှိုင်းစည်း)များ မီးရှို့ခံရသည့်ဖြစ်စဉ်၊ (၃) ကျောက်တော်မြို့နယ်၊ တောင်ဘွယ်ကျေးရွာအနီး ရခိုင်အမျိုးသမီးတစ်ဦးအား မွတ်ဆလင်(၂)ဦးမှ မုဒိမ်းပြုကျင့်ရန်ကြံစဉ်တဲ့ဖြစ်စဉ်၊ (၄) ဂွမြို့နယ်၊ ရွာမရပ်ကွက်၊ မင်္ဂလာလမ်းရှိ မူလတန်း(လွန်)ကျောင်းအား မီးရှို့ခံရသည့်ဖြစ်စဉ်၊ (၅) ကျောက်ဖြူမြို့နယ်၊ စည်မော်ကျေးရွာတွင် ရိတ်သိမ်းပြီးစပါးများ မီးရှို့ခံရတဲ့ဖြစ်စဉ်တွေ ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 

ထိုဖြစ်စဉ်များတွင် မွတ်ဆလင်ကျေးရွာနဲ့ အနီးတွင်ရှိတဲ့ကျေးရွာများတွင်ဖြစ်ပွားခဲ့သော ဖြစ်စဉ်များပါဝင်နေတဲ့အပြင် ရခိုင်ကျေးရွာများအတွင်း ရှေ့ဆင့်နောက်ဆင့် တိုက်ဆိုင်စွာဖြစ်ပျက်ခဲ့ခြင်းတို့ ရှိခဲ့ပြီး ထိုဖြစ်စဉ်များမှာ အဖွဲ့အစည်းတစ်ခုခုမှ မကောင်းသည့်ရည်ရွယ်ချက်ဖြင့် နိုင်ငံရေးလှုံ့ဆော်မှုအား နောက်ကွယ်မှ ကြိုးကိုင်ပြုလုပ်နေတယ်လို့ သံသယဖြစ်စေပြီး လုံခြုံရေးဆိုင်ရာစိုးရိမ်မှုနဲ့အတူ လူမျိုးရေးဆိုင်ရာပဋိပက္ခများကို ဦးတည်သွားမည်ကိုလည်း စိုးရိမ်ဖွယ်ဖြစ်ကြောင်း ULA/AA ရဲ့ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားပါတယ်။

 

အထက်ပါဖြစ်စဉ်များနဲ့ပတ်သက်ပြီး လတ်တလောတည်ငြိမ်နေသည့် ရခိုင်ပြည်အား လူမျိုးရေးပဋိပက္ခများဖန်တီးပြီး ဒေသတွင်းပဋိပက္ခဖြစ်ပေါ်လာစေရန် တမင်လုပ်ဆောင်နေသောလုပ်ရပ်၊ မတည်မငြိမ်မှုများကို ဖန်တီးလှုံ့ဆော်သော လုပ်ရပ်နှင့် စိုးရိမ်ထိတ်လန့်မှုများကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးသောလုပ်ရပ်များဟု ရက္ခိုင်အဖွဲ့ချုပ်က သုံးသပ်ထားပါတယ်။

 

ရပ်ရွာ၊ မြို့များတွင်ရှိတဲ့ လူငယ်များအနေနဲ့ ပြည့်သူ့အသက်၊ အိုးအိမ်၊ စည်းစိမ်လုံခြုံရေးနဲ့ မီးဘေးအန္တရာယ်များ ကင်းဝေးစေရေးအတွက် မိမိရပ်ရွာ၊ မြို့များအတွင်း လူစိမ်းအဝင်အထွက်များကို သတိထားစောင့်ကြည့်ကြရန် ULA/AA က တိုက်တွန်းထားပြီး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင်တပ်တော်အနေနဲ့လည်း ယင်းဖြစ်စဉ်များကို ပြည်သူနဲ့အတူလက်တွဲပြီး သေချာစီစစ်သွားမည်ဖြစ်ပြီး ပြည်သူ့လုံခြုံရေးကိုလည်း တာဝန်ယူသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

#Yangon_Media_Group