#Local_News
Published 21 January2024

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ထိုင်း၏ ဆန်ပို့ကုန်အသင်း (TREA) တို့ နိုင်ငံတကာဆန် ဈေးကွက် အခြေအနေနှင့်ဆန်စပါးကဏ္ဍအတွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးဆောင်သည့် အဖွဲ့ဝင် (၈၅) ဦးပါဝင်သော အဖွဲ့သည် ထိုင်းနိုင်ငံသို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၇) ရက်နေ့မှ (၁၉) ရက်နေ့အထိ လေ့လာရေးခရီးသွားရောက်ခဲ့ပြီး Thai Rice Exporter Association (TREA) နှင့်တွေ့ဆုံခဲ့ပြီး ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

 

အဆိုပါ ခရီးစဉ်အတွင်း Olam (Thailand) ၏ တစ်နှစ်တန် (၃) သိန်း ပြည်ပတင်ပို့နေသည့် ဆန်ဖြူသန့်စင်ရောနှောစက်ရုံ၊ Siam Crystal ၏ တစ်နေ့တန် (၅၀၀) ဖွဲနုဆီကြမ်းနှင့် တန်(၁၅၀) ဖွဲနုဆီသန့်စင်စက်ရုံ၊ 4.5 MGW စပါးခွံမှ လျှပ်စစ်ထုတ်စက်ရုံ၊ တန် (၁၀၀၀) ပေါင်းဆန်စက်ရုံများသို့ သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

 

ထို့အပြင် CP Group နှင့် Rice land Group တို့၏ ခေတ်မီ ဆန်စက်များ၊ အခြောက်ခံစက်များနှင့် သိုလှောင်ရုံများ၊  Anysort (Color Sorter) ပြခန်း နှင့် ဆန်စပါးလုပ်ငန်းဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆန်စပါးစိုက်ပျိုးရေး၊ ကြိတ်ခွဲရေး နှင့် ကုန်သွယ် ရောင်းဝယ်ရေး၊ ဆန်စပါးဆိုင်ရာ နည်းပညာရပ်များ၊ အရည်အသွေး တန်ဖိုးမြှင့်တင်မှုများဆိုင်ရာများကိုလည်း ဆွေးနွေးညှိနှိုင်းခြင်းနှင့် လေ့လာခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

၄င်းအပြင် Thai Feed Mills Association (TFMA) နှင့်လည်း တွေ့ဆုံကာ နှစ်နိုင်ငံ ပူးပေါင်း၍ ဆန်ကွဲ၊ ပြောင်း စသော Animal Feed ကုန်သွယ်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ ခရီးစဉ်တွင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း နှင့် ရခိုင်ပြည်နယ်တို့ရှိ ဆန်စပါးလုပ်ငန်းအသီးသီး၏ ကိုယ်စားလှယ်များ၊ မြန်မာကုန် ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှုလုပ်ငန်းလီမိတက် (MITS) တို့မှ ကိုယ်စားလှယ်များ ပါဝင်လိုက်ပါခဲ့ကြကြောင်း သိရသည်။

 

#Local_News #ထိုင်း၏ဆန်ပို့ကုန်အသင်း(TREA) #ဆန်စပါးကဏ္ဍ #YMG/ LW #Yangon-Times