၁၇ ဩဂုတ် ၂၀၂၄

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး တွမ်ဆူလီဗန်၊ USAID လက်ထောက်အုပ်ချုပ်ရေးမှူး မိုက်ကယ်ရှစ်ဖာတို့ဟာ NUG နှင့် NUCC ၊အဓိကခုခံရေးအဖွဲ့တွေ၊ KNU ၊ KNPP နှင့်  CNFတို့မှ ဦးဆောင်သူတွေနှင့် ဩဂုတ် ၁၆ ရက်သောကြာနေ့က အွန်လိုင်းပေါ်ကနေ တွေ့ဆုံခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး ရိုက်တာ သတင်းက ဖော်ပြရေးသားပါတယ်။

အွန်လိုင်းအစည်းအဝေးမှာ အရပ်သားအစိုးရ အသွင်ကူးပြောင်းရေးကို ကူညီဖို့နှင့် လက်ရှိ နစက ကို ဖိအား ဆက်လက်ပေးနေဖို့ သဘောတူခဲ့ကြတယ်လို့လည်း အဆိုပါသတင်းအရသိရပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံလာရောက်ပြီးဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်တွေ့ဆုံကာ နောက်တစ်ရက် မှာ လာအို၊မြန်မာနှင့်ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေနှင့်အတူ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာနိုင်ငံကိုအကူအညီပေးဖို့  ဝမ်ယိ  က တိုက်တွန်းခဲ့အပြီးမှာ အမေရိကန်အရာရှိများနှင့် အတိုက်အခံတွေ အွန်လိုင်း အစည်းအဝေးလုပ်ခဲ့ကြတာဖြစ်ပါတယ်။

အစည်းအဝေးမှာ နစကကို ဖိအားဆက်ပေးနေဖို့ အရေးကြီးတယ်လို့ သဘောတူခဲ့ကြပါတယ်။

“ အမေရိကန်အနေနှင့် သူတို့ပေါင်းစည်းညီညွတ်မှုကို တည်ဆောက်ရာမှာ ကူညီနိုင်ဖို့အတွက် ဒီမိုကရေစီလိုလားသူတွေကို တိုက်ရိုက်အကူအညီတွေတိုးချဲ့ပေးသွားမှာဖြစ်ပါတယ်။ပြည်သူဝန်ဆောင်မှုအလုပ်တွေနှင့် လိုအပ်နေတဲ့နေရာတွေမှာ လူသားချင်းစာနာထောက်ထား မှု အကူအညီတွေကို ပေးအပ်နိုင်ဖို့ သူတို့ရဲ့လုပ်နိုင်စွမ်းတွေတိုးတက်အောင်ကူညီမှာပါ” လို့ အမေရိကန်အရာရှိတွေက ပြောတယ်လို့ ရိုက်တာကရေးပါတယ်။

နှစ်ဘက်စလုံးက မြန်မာနိုင်ငံရဲ့ အကျပ်အတည်း အဆုံးသတ်စေဖို့အတွက်   ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ   အထူး   ကိုယ်စားလှယ်တွေနှင့် အာဆီယံတို့အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းနှင့် လက်တွဲလုပ်ဆောင်ဖို့လည်း သဘောတူခဲ့  ကြတယ်လို့ဆိုပါတယ်။

ခပ်စောစောပိုင်းကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိက မြန်မာနိုင်ငံအခြေအနေဟာ စိတ်ပူစရာဖြစ်ပြီး အိမ်နီးချင်း နိုင်ငံတွေအနေနှင့်   ပဋိပက္ခတွေတားဆီးဖို့အတွက် စီးပွားရေးနှင့်လူမှုအခြေအနေတွေဖန်တီးရေးကူညီရာမှာ မြန်မာ နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုတွေတိုးမြှင့်လုပ်ဆောင်ကြဖို့ တိုက်တွန်းခဲ့ပါတယ်လို့ ရိုက်တာက သတင်းဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအတွင်းကူပြောင်းရေးကို အားပေးထောက်ခံပြီး လက်ရှိအကျပ်အတည်းကိုဖြေရှင်းမယ့်နည်းလမ်း ရှာဖွေနေတဲ့ ဒေသဆိုင်ရာ အစီအစဉ်ကိုလည်း ထောက်ခံတယ်လို့ ဝမ်ယိကပြောထားတာဖြစ်ပါတယ်။

Ref: Reuters