#Local_News
Published_ 14 September 2023


Taxi များ အဖြူရောင် ဆိုင်းဘုတ်မီးအိမ် တစ်ပြေးညီ တပ်ဆင်ရမည်ဟု ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)က ယနေ့ စက်တင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်လိုက်သည်။

 

ရန်ကုန်မြို့တွင်းပြေးဆွဲလျက်ရှိသည့် City Taxi များ၏ Taxi Board များမှာ အရွယ်အစားအမျိုးမျိုး၊ အရောင်အမျိုးအမျိုး၊ ထားရှိသည့်နေရာအမျိုးမျိုးဖြင့် ကွဲပြားစွာတပ်ဆင်ပြေးဆွဲ သွားလာနေသဖြင့် မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်မှုရှိစေရေး၊ ပြဋ္ဌာန်းထား သည့် ဥပဒေ၊ နည်းဥပဒေနှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီဖြစ်စေရေးအတွက် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှုနည်းဥပဒေ အပိုဒ် ၂၇၃ (က) အရ “အမိုးတွင်ဆေးနီဖြင့်ရေးသားထားသော “TAXI” စာသားကို မြင်နိုင်စေသည့် အဖြူရောင်ဆိုင်းဘုတ်မီးအိမ်တပ်ဆင်ထားရမည်” ဟူသည့် နည်းဥပဒေအတိုင်း တစ်ပြေးညီ တပ်ဆင်ပြေးဆွဲရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

 

Taxi Board ၏ အရွယ်အစားများမှာ အောက်ခြေအလျား ၁၀ လက်မ၊ အပေါ် အလျား ၉ လက်မ၊ အောက်ခြေအကျယ် ၅ လက်မ၊ အပေါ်အကျယ် ၂ လက်မနှင့် အမြင့် ၃ လက်မ ဖြစ်ပြီး အဆိုပါ Taxi Board ကို ခေါင်မိုးပေါ်မှန်ထိပ်မှ ၁ပေအကွာ ဘယ် ၊ ညာ ညီညာစွာ တပ်ဆင်ထား ရှိရမည်ဖြစ်ကြောင်းသိရသည်။

 

ယင်းကို စက်တင်ဘာလ ၁၀ ရက်မှ ဒီဇင်ဘာလ ၈ ရက်ထိ ပညာ ပေးကာလအဖြစ်သတ်မှတ်၍ ပညာပေးကာလရက်ပေါင်း (၉၀) ပြီးဆုံးသည့် နောက်တစ်နေ့ ဒီဇင်ဘာလ ၉ ရက်မှစတင်၍ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၉၆ အရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း YRTC ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

#Local_News #Taxi #အဖြူရောင်ဆိုင်းဘုတ်မီးအိမ်
#Yangon_Times/PP