Published:21 November 2021

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထပ်မံလှုဒါန်းခဲ့တဲ့ Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး(၃)သန်းထဲက တတိယအသုတ် (နောက်ဆုံးအသုတ်) အဖြစ် ဆေး doses တစ်သန်းနှင့် ဆေးထိုးအပ် (၁.၅)သန်းဟာ ဒီကနေ့ နိုဝင်ဘာ ၂၁ရက်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ထပ်မံရောက်ရှိလာခဲ့ပါတယ်။

သုံးသုတ်ခွဲပြီး တစ်သုတ်ကို doses တစ်သန်းစီပေးပို့ခဲ့တာဖြစ်ပြီး ယမန်နေ့ကလည်း ဒုတိယအသုတ်အဖြစ် dosesတစ်သန်း ရောက်ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်ကာကွယ်ဆေးတွေကို နိုင်ငံအချို့က လှုဒါန်းခဲ့ရာမှာ ယခုအထိ လှုဒါန်းမှုအဖြစ် doses ၉,၁၆၈,၈၀၀ (ကိုးသန်းတစ်သိန်းခြောက်သောင်းရှစ်ထောင့်ရှစ်ရာ)နှင့် ဝယ်ယူသည့်ကိုဗစ် ကာကွယ်ဆေး doses ၃၁သန်းလည်း ရောက်ရှိလာခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူတွေအနေနှင့် ၂၀-၁၁-၂၀၂၁ ရက်နေ့အထိ လူဦးရေစုစုပေါင်း(၁၅.၃)သန်းအား ထိုးနှံ ပေးပြီးဖြစ်ရာ အဲဒီအထဲမှာ  ကာကွယ်ဆေးနှစ်ကြိမ်အပြည့်ထိုးနှံပြီးစီးသူ(၁၀.၄)သန်းနှင့် ပထမအကြိမ်ထိုးနှံပြီးစီး သူ(၄.၉)သန်း ရှိပြီဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၁-၁၁-၂၀၂၁ အထိကိုဗစ်ကူးစက်ခဲ့သူပေါင်း ၅၁၇၉၂၂ ဦးရှိခဲ့ပြီး သေဆုံးသူပေါင်း ၁၉၀၂၅ ဦးရှိခဲ့ပြီဖြစ်ပါတယ်။ ကူးစက်မှုနှုန်းများက ယခုရက်အနည်းငယ်အတွင်း ၃ရာခိုင်နှုန်းအောက်သို့ကျဆင်းလာနေကြောင်း တရားဝင်ထုတ်ပြန်တဲ့ အချက်အလက်များအရသိရပါတယ်။