#Local_News
Published_4 Sept 2024

 ▪️ ရှမ်းပြည်နယ်အတွင်းရှိဆေးရုံများအနက် လိုအပ်ချက်ရှိသည့် ဆေးရုံများကို အဆင့်မြှင့်တင်မှုများနှင့် တိုးချဲ့မှုများဆောင်ရွက်ပေးရန် နစကဥက္ကဌက ပြောသည်။

▪️ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ စဝ်စံထွန်းပြည်သူ့ ဆေးရုံကြီးသို့ ယနေ့ စက်တင်ဘာလ ၃ ရက် တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လိုက်ပါလာသည့်အဖွဲဝင်များ သွားရောက်ကြည့်ရှုစစ်ဆေးစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

▪️ အဆိုပါစဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင်လိုအပ်သည့်စက်ကိရိယာများဖြည့်ဆည်းရန်၊ဆေးရုံတိုးချဲ့တည်ဆောက်မည့်မြေနေရာများကိုလည်း စဉ်းစားဆောင်ရွက်ရန်၊ ကျန်းမာရေးဝန်ထမ်းများ၏ နေအိမ်များထည့်သွင်းတည်ဆောက်ပေးထားရန်နှင့် လိုအပ်သည့်ပါရဂူများခန့်အပ်တာဝန်ပေးရန်တို့ကိုနစကဥက္ကဌက ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

▪️ ရှမ်းပြည်နယ်အတွင်းရှိဆေးရုံများထဲမှ အဆင့်မြှင့်တင်မှုများနှင့်တိုးချဲ့မှုများဆောင်ရွက်ပေး ရန်လိုသောဆေးရုံ များကိုဆောင်ရွက်ရာတွင်လည်း နယ်မြေအတွင်းနေထိုင်သည့်ပြည်သူများ၏လူဦးရေကို တွက်ချက်၍ ဆောင်ရွက်ပေးရန်နစက ဥက္ကဌက ပြောကြားခဲ့ကြောင်း သိရသည်။

▪️ ဆေးရုံများကိုပြည်သူများအတွက် အားကိုးဖွယ်ရာ ဖြစ်အောင်ဆောင်ရွက်ကြရန်၊ ပြောဆို ဆက်ဆံမှုမှအစ ကုသစောင့်ရှောက်မှု အပိုင်းများတွင်ပါ စနစ်တကျရှိရန်၊ သန့်ရှင်းသပ်ရပ်နေရန်၊ အညစ်အကြေးစွန့်သည့် စနစ်များကိုလည်း အနံအသက်များကင်းရှင်းစေရေးဆောင်ရွက်ရန် ၊ ကျန်းမာရေးဝန်ထမ်းများ ဝတ်စားဆင်ယင်မှုများ ကောင်းမွန်နေရန်၊ ဆေးရုံသို့လာရောက်ကုသသူများဆေးရုံသို့လာရောက်ချိန်တွင် အားကိုးသည့် စိတ်များဖြစ်ပေါ်အောင်ဆောင်ရွက်ရန်၊ ဆေးရုံ တက်ပြည်သူများ ကျန်းမာရေးနှင့်ညီညွတ်သည့် အစာအာ ဟာရများရရှိစေရေး စီမံ ဆောင်ရွက်ပေးရန်စသည်ဖြင့်လည်း နစက ဥက္ကဌကမှာကြားခဲ့ကြောင်း သိရသည်။

▪️ စဝ်စံထွန်းဆေးရုံကြီးကို ၁၉၅၇ ခုနှစ်တွင် ဝန်ထမ်းတပ်မဟာ အမှတ်(၁) (Rehabilitation Brigade No.1)မှ တပ်ရင်းမှူး ဗိုလ်မှူးချုပ် မောင်လွင် (B.Sc Engineering)က ဦးဆောင်၍ ရုရှား-မြန်မာချစ်ကြည် ရေးအ တွက် ရည်ရွယ်ကာ ဆိုဗီယက်ပြည်ထောင်စုနိုင်ငံ၏ စီးပွားရေးနှင့် ကျွမ်းကျင်သူပူးပေါင်းဆောင်ရွက်မှုဖြင့် တည် ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆောက်အဦအားလုံးအတွက် ငွေကျပ်သိန်း ၄၀ ကုန်ကျခဲ့ပြီး ၁၉၆၁ ခုနှစ်၊ ဇွန်လတွင် စတင်ဖွင့်လှစ်ခဲ့ ကြောင်း၊ ပထမဦးဆုံး ဆေးရုံအုပ်ကြီးအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူမှာ ဒေါက်တာ စဝ်နော်ခမ်း ဖြစ်ပြီး ရှမ်းပြည်နယ်တွင် တစ်ခုတည်းသောဆေးရုံကြီးဖြစ်ခဲ့ကြောင်း၊ စတင်ဖွင့်လှစ်ခဲ့ချိန်တွင် ခုတင်-၂၀၀ ဆံ့ဆေးရုံဖြစ်သော်လည်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်တွင် ခုတင်-၅၀၀ ဆံ့ဆေးရုံကြီးအဖြစ် တိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#Yangon_Times/PP