#Local_News
Published 31 August 2024


▪️ ယခုစက်တင်ဘာ ၁ ရက်မှစတင်၍ ပို့ကုန်ရငွေတင်ပြနိုင်မှသာ ဆေးဝါးသွင်းကုန်လိုင်စင်ခွင့်ပြုပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

 

▪️ ထို့အပြင်   ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းလျှောက်ထားခဲ့သည့်  ဒေါ်လာ ၁၀၃ သန်းကျော်ရှိ ဆေးကုမ္ပဏီ ၁၁၆ ခု၏ သွင်းကုန်လိုင်စင်များကိုပါ လိုင်စင်လျှောက်လွှာအသစ်ဖြင့် တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

 

▪️ စက်တင်ဘာ ၁ ရက်မှစတင်၍ ပို့ကုန်ရငွေ (Export Earning) တင်ပြနိုင်မှသာ ဆေးဝါးသွင်းကုန်လိုင်စင်များကို ခွင့်ပြုပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဩဂုတ်လ ၂၈ ရက်စွဲပါ စာအမှတ်၊ ကသရ(ဦး)ပို့သွင်း ၁/၂၀၂၄-၂၀၂၅(၄၄၀၄) ဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သည်။

 

▪️ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၆၆/၂၀၂၄) လမ်းညွှန်ချက်အရ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ပို့ကုန်ရငွေ (Export Earning) တင်ပြမှသာ ဆေးဝါးသွင်းကုန်လိုင်စင်များကို ခွင့်ပြုရမည်ဖြစ်သည့်အတွက် ကုန်သွယ်ရေးဦးစီးဌာန၊ Trade Net 2.0 စနစ်တွင် ၂၀၂၄ ခုနှစ်၊ သြဂုတ်လအထိ လျှောက်ထားသော ဆေးဝါးသွင်းကုန်လိုင်စင် လျှောက်လွှာများအား စနစ်အတွင်းမှ ပယ်ဖျက် (Delete) သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

▪️ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းသို့ ပေးပို့ထားသည့် ၂၀၂၃ ခုနှစ်၊အောက်တိုဘာလအတွင်း လျှောက်ထားခဲ့သော ဆေးဝါးသွင်းကုန်လိုင်စင်လျှောက်လွှာကုမ္ပဏီ (၁၁၆)ခုမှ စောင်ရေ (၇၁၆) စောင်၊ စုစုပေါင်း တန်ဖိုးအမေရိကန်ဒေါ်လာ ၁၀၃ ဒသမ ၈၂၂ သန်းအား အသင်းမှ စိစစ်ပြီးသည့်အချိန်တွင် ဆေးဝါးသွင်းကုန်လိုင်စင်လျှောက်လွှာအသစ်ဖြင့်သာ နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီအစည်းအဝေးသို့ တင်ပြခွင့်ပြုချက်ရယူပြီး ဆေးဝါးသွင်းကုန်လိုင်စင်ကို ခွင့်ပြုထုတ်ပေးရမည်ဖြစ်သည်။

 

▪️ သို့ဖြစ်ပါ၍ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှစ၍ ဆေးဝါးသွင်းကုန်လိုင်စင် လျှောက်လွှာများအား ပို့ကုန်ရငွေ (Export Earning) ဖြင့် တင်ပြရမည်ဖြစ်ကြောင်းနှင့် ဆေးဝါးတင်သွင်းမည့် ကုမ္ပဏီများသို့ ထပ်ဆင့်အသိပေးသွားရန်နှင့် သွင်းကုန်လိုင်စင်လျှောက်ထားမှု Oil များကိုလည်း Oil အသစ်ဖြင့်သာ ပြန်လည်လျှောက်ထားရန် အသိပေးအကြောင်းကြားထားခြင်းဖြစ်ကြောင်း သိရသည်။

 

#YMG/NN #Yangon_Times