Published: 28 November 2021

ရှမ်းပြည်တွင်း မူးယစ်ဆေးဝါးအန္တရာယ်ကင်းရှင်းစေရန်အတွက် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA က ရှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ် နားခန်ကျေးရွာအုပ်စုအတွင်း ရှောင်တခင်ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးနဲ့သုံးစွဲသူ ၄ ဦးကိုသက်သေခံမူးယစ်ဆေးဝါးများနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ RCSSရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

 မိုးနဲမြို့နယ်အတွင်း မူးယစ်ဆေးဝါးများပပျောက်စေရန်အတွက် ဒေသခံပြည်သူများ၏ သတင်းအချက်အလက်ပေးပို့ချက်အရ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ ည ၈:၀၀ နာရီအချိန်ခန့်တွင် RCSS/SSA တာဝန်ရှိသူများက နားခန်ကျေးရွာအုပ်စုအတွင်းသို့ ရှောင်တခင်ဝင်ရောက်စစ်ဆေးရာ ယာဘစိတ်ကြွရူးသွပ် ဆေးပြား  ၁၅၁ ပြား၊ ကော်ပုလင်းအား ပိုက်တပ်၍စိတ်ကြွဆေးပြား ရှူရန်ပြုလုပ်ထားသော ဆေးရှူကိရိယာ (၅) ခု၊ လက်ကိုင်ဖုန်း ၁ လုံး နှင့် တူမီးသေနတ် (၁) လက်တို့နှင့်အတူ မူးယစ်ဆေးဝါးသုံးစွဲနေသူ ၄ ဦးကို  မူးယစ်ဆေးဝါးသုံးစွဲနေစဥ် ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။

 ဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးသုံးစွဲသူ ၄ ဦးကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ မူးယစ်ဆေးဝါးပေါ်လစီနှင့်အညီ ပြစ်ဒဏ်ပေးခြင်း၊ မူးယစ်ဆေးဖြတ်ပေးခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောခြင်း နှင့် အကျင့်စာရိတ္တပြုပြင်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်​တယ်လို့သိရပါတယ်။