#LocalNews

Published - 27 Nov 2021

မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသော ဓါတုဆေးပစ္စည်းများတင်ဆောင်လာ၁၂ ဘီးကား ၃ စီးကို ရှမ်းပြည်တပ်မတော် RCSS/SSA မှ ဖမ်းဆီးရမိခဲ့တယ်လို့ RCSSရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၆ ရက်နေ့ ယမန်နေ့နေ့လည် ၁၂နာရီ မိနစ်၃၀ အချိန်ခန့်တွင် ရှမ်းပြည်တပ်မတော် RCSS/SSA တာဝန်ရှိသူများသည် မူးယစ်ဆေးထုတ်လုပ်ရာတွင် အသုံးပြုသော ဆိုဒါအိတ်များ၊ အက်ဆစ်ဆေးရည်များ တင်ဆောင်လာသည့် ၁၂ ဘီးကား ၃ စီးကို ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် ၆ ဦးတို့နှင့်အတူ မန္တလေး-လားရှိးလမ်းပိုင်းတစ်နေရာတွင် ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိတဲ့ ဓါတုပစ္စည်းများမှာ 6K-4477 ကားပေါ်တွင် ဆိုဒါအိတ် ၅၀၀ အိတ်၊ 7P-7532 နှင့် 7N-6053  ကားပေါ်တွင် ပေပါပုံးဖြင့်ထည့်ထားတဲ့ အက်ဆစ်ရည် ၁၉၄ ပုံးတိုပါဝင်တပြီးဖမ်းဆီးရမိသော ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ၏ ထွက်ဆိုချက်အရ မူးယစ်ဆေးထုတ်ရာတွင် အသုံးပြုသည့် ထိုဓါတုဆေးပစ္စည်းများကို မန္တလေးမှ သျှမ်းမြောက်လားရှိးဘက်သို့ တင်ဆောင်လာပြီး ပိုင်ရှင်မှာ ရန်ကုန်မြို့နေ မနီဆိုသူက ပိုင်ဆိုင်ကြောင်း ထွက်ဆိုထားတယ်လို့ သိရပါတယ်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးကွင်းဆက်များအသေးစိတ်သိရှိနိုင်ရန် ရှမ်းပြည်တပ်မတော် RCSS/SSA မှ ဖမ်းဆီးရမိသည့် မူးယစ်ဆေးနှင့်ပတ်သက်သူ ၆ ဦးတို့ကို ထပ်မံစစ်ဆေးသွားမယ်လို့ ထုတ်ပြန်ချက်မှဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့နှင့် ၂၀ ရက်နေ့တွင်လည်း RCSS/SSA ထိန်းချုပ်ရာဒေသ ရှမ်းပြည်တောင်ပိုင်း လဲချား-မိုင်းနောင်ကြားတွင်လည်း စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား၊ မူးယစ်ဆေးထုတ်ရာတွင် အသုံးပြုသော ဓါတုဆေးရည်များ၊ မူးယစ်ဆေးရောင်းရငွေ သိန်းပေါင်း ၁၁၀၀ ကျပ် မူးယစ်ဆေးဆက်စပ်ပစ္စည်းများနဲ့အတူ မူးယစ်ဆေးနှင့်ပတ်သက်သူ ၈ ဦးကို ဖမ်းဆီးရမိခဲ့ပါသေး တယ်။