#LocalNews

Published - 24 Nov 2021

ရှမ်းပြည်နယ်တောင်ပိုင်း လဲချား-မိုင်းနောင်မြို့နယ်ကြားတွင် ကျပ်သိန်းထောင်နှင့်ချီသည့် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးဆက်စပ်ပစ္စည်းအမြောက်အများကို  RCSS/SSA  မှ ဖမ်းဆီးရမိခဲ့ တယ်လို့ RCSSရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

 နိုဝင်ဘာလ ၂၀ ရက်နေ့တွင် လဲချား-မိုင်းနောင်ကြားဒေသတစ်လျှောက်တွင် လုံခြုံရေးယူနေတဲ့  RCSS/SSA တာဝန်ရှိသူများက မသင်္ကာဖွယ်ရာ ကားတစ်စီးအား တားဆီးစစ်ဆေးရာ ယာဘ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား (တန်ဖိုးငွေ ၁၄ သိန်းခန့်) နှင့် မူးယစ်ဆေးရောင်းရသည့် ငွေကျပ်သိန်းပေါင်း ၁၁၀၀  ကို စစ်ဆေးတွေ့ရှိခဲ့ပြီး ယာဉ်မောင်းဖြစ်သူ စိုင်းဇော်အား ဖမ်းဆီးထိန်းသိမ်းထား တယ်လို့ သတင်းထုတ်ပြန်ချက်မှဖော်ပြထားပါတယ်။

စိုင်းဇော်၏ ဝန်ခံထွက်ဆိုချက်အရ ထိုမူးယစ်ဆေးများကို နိုဝင်ဘာလ ၁၉ ရက်နေ့က ပန်လှိင်းမုဒ်ဦးရှိ နန်းမိုက အခကြေးငွေပေးချေ၍တင်ဆောင်လာကြောင်း၊ ထိုမှတစ်ဆင့် လွိုင်လင်-ပင်လုံ-လဲချားလမ်းကြောင်းကနေ ဝမ်ဟိုင်းလမ်းခွဲဘက်သို့ ပို့ဆောင်ပေးရမည်ဖြစ်ကာ အဆိုပါမူးယစ်ဆေးများကို ဝမ်ဟိုင်းမှ စိုင်းညွှန့်ဆိုသူက ပိုင်ဆိုင်ကြောင်း၊ မူးယစ်ဆေးသယ်ဆောင်ခ တစ်ခေါက်လျှင် ငါးသိန်းကျပ်ရပြီး သိန်းထောင်နှင့်ချီသည့် ငွေကြေးကိုတော့ နန်းမိုမှတစ်ဆင့် သူဌေးဖြစ်သူ စိုင်းညွှန့်ထံသို့ ပို့ဆောင်ပေးရမည်ဟု ဝန်ခံထွက်ဆိုထားတယ်လို့ သိရပါတယ်။ 

ထို့ ပြင် နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း စိုင်းညွှန့်ဆီမှကျောပိုးအိတ်ဖြင့်ထည့်ထားသည့် ၃၇ အမှတ်တံဆိပ် ယာဘဆေးပြား ၈ အိတ်ကို ဝမ်ဟိုင်းလမ်းခွဲမှ ပန်လှိင်းမုဒ်ဦးတွင်နေထိုင်သူ နန်းမိုထံသို့ တစ်ခေါက်ပို့ ဆောင်ပေးခဲ့ဖူးပြီး နိုဝင်ဘာလ ၁၉ ရက်နေ့အရောက်မှာ နန်းမိုထံမှ စိုင်းညွှန့်ဆီသို့  မူးယစ်ဆေးဝါးခငွေကျပ်သိန်းထောင်ကျော်ကိုပြန်ပို့ ဆောင်ပေးစဉ် လမ်းခုလတ်မှာ ယခုလို ဖမ်းဆီးခံရခြင်းဖြစ်တယ်လို့ သိရပါတယ်။

အလားတူစွာ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၃:၃၀ အချိန်ခန့်တွင်လည်း လဲချား-မိုင်းနောင်ကြား တစ်နေရာ၌ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓါတုဆေးပစ္စည်း 53 ပုံး (အပြာရောင်ပေပါ) တင်ဆောင်လာသည့် ကားနံပါတ် 4D-6439 အစိမ်းနုရောင် ၁၂ ဘီးကား နှင့် ကားနံပါတ် FF-1307  အဖြူရောင်ကယ်ရီကားတိုနှင့်အတူ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် စုစုပေါင်း ၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။



ဖမ်းဆီးရမိသူများမှာ (၁) မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့ နယ် ယာတော်ရပ်တွင်နေထိုင်သူ မျိုးဝင်းညွှန့် အသက် ၅၀ နှစ် (၂) တောင်ကြီးခရိုင် အေးသာယာမြို့  စက်မှုဇုန်ရပ်တွင်နေထိုင်သူ မြင့်ကို အသက် ၆၅ နှစ် (၃) အောင်ကိုလင်း အသက် ၃၅ နှစ် (၄) ကိုငယ်လေး အသက် ၃၁ နှစ် (၁၂ ဘီးကားယာဉ်မောင်း) နှင့် (၅) ဇနီးဖြစ်သူ နန်းသင်းသင်းစံ အသက် ၁၈ နှစ် မန္တလေးတိုင်း ပြည်ကြီးတံခွန်မြိုနယ် စက်မှုဇုန်တွင်း နေထိုင်သူများဖြစ် ပြီးတရားခံများ၏ ဝန်ခံထွက်ဆိုချက်အရ ပစ္စည်းပိုင်ရှင်မှာ ရန်ကုန်မြို့ နေ ဦးအိုက်လီဆိုသူကပိုင်ဆိုင်ပြီး ထိုဓါတုဆေးပုံးများကို မိုင်းရယ်မြို့ နယ်သို့  တစ်ခေါက်လျှင် အခကြေးငွေ သိန်း ၁၀၀ ဖြင့် ပို့ ဆောင်‌ပေးစဉ် RCSS/SSA တပ်ဖွဲ့ ၏ ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

၄င်းနိုဝင်ဘာလ ၁၂ ရက်နေ့မှာပင် လဲချား-မိုင်းနောင်ကြား တောလမ်းတစ်နေရာတွင် ၂၂ ဘီးတွဲကားတစ်စီးကို RCSS/SSA တာဝန်ရှိသူများက တားဆီးစစ်ဆေးရာ မူးယစ်ဆေး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓါတုဆေးပစ္စည်းများ ထပ်မံစစ်ဆေးတွေ့ရှိရသောကြောင့် ယာဉ်မောင်းဖြစ်သူ ထွန်းလင်းနောင် အသက် ၂၄ နှစ် နှင့် ညီစေလွင် အသက် ၂၅ နှစ် တို့ ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ ၄င်းတို့ မှာ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့ တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။

သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည့် မူးယစ်ဆေးနှင့်ဆက်စပ်သူ ၈ ဦးကို RCSS/SSA တာဝန်ရှိသူများက သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ပေါ်လစီနှင့်အညီ ပြစ်ဒဏ်ပေးခြင်း နှင့် အကျင့်စာရိတ္တပြုပြင်ပေးသွားမယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။