#LocalNews

Published -18 Jan 2022

 

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးဆွေးနွေးခြင်း ဖိတ်ခေါ်ချက်ဟာ လက်ရှိ အထွေထွေနိုင်ငံရေးအကျပ်အတည်းဖြေရှင်းနိုင်ရေးနှင့် ဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအတွက် ရည်မှန်းပါက ကြိုဆိုတယ်လို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

 

ဇန်နဝါရီလ ၁၁ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ဗဟိုဌာနချုပ် လွယ်တိုင်းလျဲန်းမှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေး RCSS ရဲ့အကြံပေးအဖွဲ့ဝင်များ၊ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ဗဟိုဦးစီးကော်မတီဝင်များနဲ့ တာဝန်ရှိသူများတက်ရောက်ခဲ့တဲ့ ၂၂ ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေးအပြီး ကြေညာချက်ထုတ်ပြန်ရာမှာ ဖော်ပြပါရှိပါတယ်။

 

ဒါ့အပြင် စစ်မှန်သော ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို လက်တွေ့ကျကျ တည်ဆောက်နိုင်မှသာ ပြည်တွင်း ပြဿနာများကို ဖြေရှင်းနိုင်မယ်လို့ယုံကြည်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားပါတယ်။

 

ဆက်လက်ပြီး လက်ရှိ အထွေထွေနိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရေး အာဆီယံနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာရဲ့ဆောင်ရွက်ချက်များကို ကြိုဆိုပြီး လိုအပ်သလို ပံ့ပိုးပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

 

သျှမ်းပြည်တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းအချို့နဲ့ တိုက်ပွဲဖြစ်ပွားခြင်းအား ရပ်ဆိုင်းပြီး တွေ့ဆုံဆွေးနွေးခြင်းနည်းလမ်းနဲ့ ပြဿနာဖြေရှင်းနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း RCSS ရဲ့ထုတ်ပြန်ချက်မှာရေးသားဖော်ပြထားပါတယ်။

 

YMG/hm
#Yangon_Media_group