Published 20 May 2024

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်နှင့် သန်လျင်မြို့နယ်တို့ကို ဆက်သွယ်တည်ဆောက်နေသည့်  ပဲခူးမြစ်ကူးတံတား သန်လျင်တံတားအမှတ်(၃) တည်ဆောက်မှုပြီးစီးပါက  ဖြတ်သန်းခကို QR Code အသုံးပြု၍ Mobile Pay စနစ်ဖြင့် ပါ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါတံတားကို သံမဏိကြိုးထိန်းတိုင် (Pylon) များတွင် လေကြောင်း အချက်ပြမီး (Aviation Light) များ တပ်ဆင်ရန်၊ မိုးကြိုးလွှဲများတပ်ဆင်ရန်နှင့် ခုခံအုမ်း (Ohm) များ သတ်မှတ်ထားသည့်အတိုင်း ရှိ/ မရှိ စစ်ဆေးဆောင်ရွက်ရန်၊ ညအချိန် သင်္ဘောများ အန္တရာယ်ကင်းရှင်း စွာသွားလာနိုင်ရန် အတွက် ရေကြောင်းလမ်းပြမီး (Navigation Light) များကို သတ်မှတ်ချက်အတိုင်း တပ်ဆင်ဆောင်ရွက်ရန်လုပ်ဆောင်နေကြောင်းသိရသည်။

ထို့အပြင်  တံတား၏ အချောသပ်လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ထားသည့် စံချိန်စံနှုန်းအတိုင်း ကိုက်ညီအောင် ကြပ်မတ်ဆောင်ရွက်ရန်၊ တံတားတိုင် (Pier) များ ယာဉ်များကြောင့် ထိခိုက်ပျက်စီးမှုမှ ကြိုတင်ကာကွယ်ရန်တို့ကို လုပ်ဆောင်နေ ကြောင်းသိရသည် ။

  ၄င်းအပြင် တံတားအဟောင်းနှင့် တံတားအသစ်တို့ဆုံသည့် နေရာဖြစ်သဖြင့် ယာဉ်ကြောကြပ်တည်းမှု မရှိစေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့အတွက် မီးပွိုင့်များ၏ ယာဉ်လွှတ်ချိန်များကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတို့နှင့် ညှိနှိုင်းဆောင်ရွက်ရန်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က မေ ၁၈ ရက်တွင်  တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးစဉ် မှာကြားခဲ့ကြောင်း သိရသည်။

အဆိုပါ  သန်လျင်တံတား အမှတ်- ၃သည်  တံတားအရှည် ၂၆၃၃ မီတာ (၈၆၃၈ ပေ) ရှိသော ယာဉ်သွားလမ်း လေးလမ်းသွား သံမဏိကြိုးဆိုင်းတံတားအမျိုးအစားဖြစ်ပြီး တံတား၏ ရေလမ်းကင်းလွတ်အမြင့် ၁၃ ဒသမ၂၅ မီတာ (၄၃ ပေ) ရှိသဖြင့် ရေယာဉ်များ လွတ်လပ်စွာ ဝင်/ထွက်သွားလာနိုင်ကြောင်း သိရသည် ။
Yangon_Times/NN
#Local_News
#Published_ 20 May 2024
#Yangon_Times #YMG_News #Yangon_Media_Group