Published_29 Dec 2023

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)က ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်လည်း ဖြစ်၊ ၈၈ မျိုး ဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်လည်း ဖြစ်ခဲ့သူ ဦးကိုကိုကြီး ဦးဆောင်သည့် ပြည်သူ့ပါတီ (PP)ကို ပါတီတည်ထောင်ခွင့်ပြုလိုက်ကြောင်း သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၃ခုနှစ် ဒီဇင်ဘာ ၂၉ ရက်ရက်စွဲဖြင့်ကြေညာချက်အမှတ် ၅၄/၂၀၂၃ကို ထုတ်ပြန်ကြေညာရာတွင် ပြည်သူ့ပါတီကို နိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ဖော်ပြပါရှိသည်။

ပြည်သူ့ပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၄၇)ဖြစ်သည်ဟုလည်း ရွေး/ကော်၏ ကြေညာချက်အရသိသည်။

“နိုင်ငံရေးဘောင် ကျဉ်းနေသ၍ စစ်ရေးဘောင်ကျယ်နေမှာဖြစ်တယ်၊နိုင်ငံရေးဘောင် ကျယ်အောင် အားလုံးဝိုင်းဝန်း  ကြိုးစားဆောင်ရွက်ကြပါ” ဟု ဦးကိုကိုကြီးက ပါတီမှတ်ပုံတင်ရရှိမှုအပေါ်မှတ်ချက်ပေးပြောဆိုသည်။

ပြည်သူ့ပါတီ(PP) အနေဖြင့် လွန်ခဲ့သော ၈ လခန့်ကပင် ပြည်ထောင်စုအဆင့်(နိုင်ငံတစ်ဝှမ်းလုံး) ဝင်ရောက် ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီအဖြစ် ပါတီမှတ်ပုံတင်လျှောက်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဇန်နဝါရီလအတွင်းက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းနည်းဥပဒေကို ထုတ်ပြန်ခဲ့ကာ နိုင်ငံရေး ပါတီ များ ကို ပါတီမှတ်ပုံတင်ရန် ထုတ်ပြန်ထားခဲ့ပြီးနောက် မှတ်ပုံတင်ရန် လျှောက်ထားသော နိုင်ငံရေပါတီများကို  UEC အနေဖြင့် ပါတီမှတ်ပုံတင်ခွင့်ပြုရန် စိစစ်မှူများ အထပ်ထပ် ပြုလုပ်နေကြောင်း ဖြစ်ကြောင်း ယခင်က မီဒီယာများကို ပြောကြား ထားခဲ့ဖူးသည်။

ယခုအခါ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC)အနေဖြင့် မှတ်ပုံတင်ရန် ခွင့်ပြုပြီး နိုင်ငံရေးပါတီပေါင်းမှာ ပြည်သူ့ပါတီအပါအဝင် (၄၇)ပါတီ ရှိပြီ ဖြစ်ကြောင်း သိရသည်။

Yangon_Times/PP