#LocalNews
Published _ 9 June 2022

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ယခုအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်း၏ မြေပုံရေးဆွဲခြင်းနှင့် စာရင်းကောက်ကွက်ဖွဲ့စည်းခြင်းလုပ်ငန်းတွင် ပထမခြေလှမ်းဖြစ်သည့် ရပ်ကွက်၊ ကျေးရွာ တည်နေရာ Point များ ကောက်ယူလျက်ရှိရာ ရှိပြီးသည့် တည်နေရာ Point များကို အတည်ပြုရန်နှင့် မရရှိသေးသည့် တည်နေရာ Point နှစ်သောင်းကျော်ကို ရယူရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

 

"ဝန်ကြီးဌာနအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် လူဦးရေနှင့်အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကို အောင်မြင်စွာကောက်ယူခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် နောက်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူရန် အလှည့်ကျရောက်ပြီဖြစ်ပါတယ်။ ယင်းလုပ်ငန်းစဉ်ဟာ နိုင်ငံတော်အဆင့်ဆောင်ရွက်ရမည့် စီမံကိန်းလုပ်ငန်းတစ်ခုဖြစ်တာကြောင့် ကြိုတင်ပြင်ဆင်ခြင်း လုပ်ငန်း၊ စာရင်းကောက်ယူခြင်းလုပ်ငန်း၊ စာရင်းဇယား ပြုစုခြင်းလုပ်ငန်း၊ ဆန်းစစ်လေ့လာခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်းလုပ်ငန်း စတဲ့လုပ်ငန်းစဉ် (၄) ရပ်နဲ့ လုပ်ငန်းစီမံချက်ရေးဆွဲပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ စတင်ဆောင်ရွက်ခဲ့ပါတယ်။ လက်ရှိနိုင်ငံတော်အစိုးရ တာဝန်ယူစဉ်ကာလအတွင်းမှာ ပြီးစီးနိုင်သမျှသော လုပ်ငန်းတွေကို ဆောင်ရွက်မှာဖြစ်ပြီး သန်းခေါင် စာရင်း ကောက်ယူရာတွင် အသုံးပြုမည့်စနစ် တည်ဆောက်ခြင်း၊ လိုအပ်သောစက်ပစ္စည်း ကိရိယာများနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူတပ်ဆင်ခြင်း စသည့်အဆင့် (၅) ဆင့်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေပါတယ်" ဟု ယင်းက ပြောသည်။

 

ဇွန်လ ၈ ရက် တွင် နေပြည်တော်၌ ကျင်းပပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာတည်နေရာ Point များ ကောက်ယူခြင်းသင်တန်း (၁/၂၀၂၂) ဖွင့်ပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

ymg/NN
#Yangon_Media_Group