Published_ 20 March 2024

ပအိုဝ်းအမျိုးသားနယ်မြေများအတွင်း လက်နက်ကိုင်ပဋိပက္ခ ကိုမတ်လ (၂၃) ရက်မှ ဧပြီလ(၂၃)ရက်ထိ တစ်လကြာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြရန် ပအိုဝ်းအမျိုးသားလက်နက်ကိုင် အင်အားစုများ အားလုံးသို့ အလေးအနက်ထား မေတ္တာရပ်ခံ‌ကြောင်း PNLO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လာမည့်မတ်လ-၂၄ ရက်တွင်ကျရောက်မည့် ပအိုဝ်းတစ်မျိုးသားလုံးက အထွဋ်အမြတ်ထားသော “ပအိုဝ်းအမျိုးသားနေ့”(၇၅)နှစ်ပြည့် စိန်ရတုအခါသမယနှင့် တိုက်ဆိုင်သည့်အတွက် အားလုံးကဂုဏ်ပြုကြရန် အထူးလိုအပ်သောကြောင့်ဖြစ်ကြောင်း လည်း ယင်းတွင်ဖော်ပြထားသည်။

ယင်းသို့ အနည်းဆုံး တစ်လကြာ "ပစ်ခတ်တိုက်ခိုက်မှု"ရပ်စဲကြပါက ထိုကာလအတောအတွင်း ပအိုဝ်းအမျိုးသားနေ့ပွဲတော်များကို နေရာအနှံ့ အောင်မြင်စွာ ကျင်းပနိုင်မည်ဖြစ်ခြင်း။ ပအိုဝ်းအမျိုးသား စည်းလုံးညီညွတ်ရေးအတွက် စည်းရုံးဟောပြောမှုများကို ပြုလုပ်ကျင်းပ ခြင်း ၊ ပဋိပက္ခများလျှော့ကျစေနိုင်ခြင်း။ တန်ခူးလပြည့်နေ့ အခါကြီးရက်ကြီးတွင် ဓလေ့ထုံးစံများအတိုင်း အလှူအတန်းများပြုလုပ် နိုင်ခြင်း။ နိုင်ငံတကာအလှူရှင်များထံမှ ပံ့ပိုးကူညီသော ရိက္ခာဆန်အပါအဝင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများကို အတိဒုက္ခရောက်နေကြသော စစ်ပြေးစစ်ရှောင် ဒုက္ခသည်များထံသို့ ပို့ဆောင်ကူညီနိုင်မည်ဖြစ်ခြင်းတို့ကြောင့် အမျိုးသားအကျိုးစီးပွားကိုရှေ့ရှု၍ တပေါင်းလပြည့်နေ့မှ တန်ခူးလပြည့်နေ့အ ထိ အပစ်အခတ်ရပ်စဲရေးအတွက် မေတ္တာရပ်ခံပန်ကြားခြင်းဖြစ်ကြောင်းလည်း ၎င်းတွင်ဖော်ပြထားသည်။

ထို့အပြင် ပအိုဝ်းရဟန်းသံဃာအစုအဖွဲ့များ၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ပအိုဝ်းလူငယ်အစည်းအရုံး၊ ပအိုဝ်းအမျိုးသမီးသမဂ္ဂ၊ ပအိုဝ်းအရပ်ဖက်အဖွဲ့အစည်းများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များ အားလုံးတို့ကလည်း ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပန်ကြားလွှာကို ဝိုင်းဝန်းထောက်ခံပြီး ကြေညာ ချက်များ အလားတူထုတ်ပြန်ကြပါရန် နှိုးဆော်ပါကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၏ ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက လက်မှတ်ထိုး ထုတ်ပြန်ထားကြောင်းသိရသည်။
Yangon Times/PP
#Local_News
#Published_ 20 March 2024
#YMG_News #Yangon_Times #Yangon_Media_Group