Published 12 Nov 2021

တရုတ်နိုင်ငံ၏အကူအညီဖြင့် မြန်မာ့ပထမဆုံးအမျိုးသား ဇီဝဘေးကင်းမှုအဆင့်သုံး (P3) လက်တွေ့စမ်းသပ်ခန်းကို နေပြည်တော်မှာ စတင်တည်ဆောက်နေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကနေသိရပါတယ်။

နိုဝင်ဘာလ၁၀ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က နေပြည်တော်သို့သွားရောက်ကာ တရုတ်နိုင်ငံမှအကူအညီပေးအပ်တဲ့ မြန်မာနိုင်ငံရောဂါထိန်းချုပ်ရေးဗဟိုဌာန (CDC)နဲ့ ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်းစီမံကိန်းကို သွားရောက်ခဲ့တယ်လို့သိရပါတယ်။

အဆိုပါစီမံကိန်းမှာ မြေဧရိယာစတုရန်းမီတာရှစ်သောင်းရှိပြီး အဆောက်အအုံဧရိယာမှာ စတုရန်းမီတာ တစ်သောင်းရှစ်ထောင်ရှိကာ CDCအဆောင်၊ လေ့ကျင့်ရေးသင်တန်းကျောင်းအဆောင်၊ အုပ်ချုပ်ရေးရုံးအဆောင်၊ ပြင်ပဆောက်လုပ်ရေးလုပ်ငန်းတို့ ပါဝင်ပြီး လက်တွေ့စမ်းသပ်ခန်းစက်ပစ္စည်းများ တွဲဖက်တပ်ဆင်ထားကာ မြန်မာနိုင်ငံ၏ ပထမဆုံးအမျိုးသား ဇီဝဘေးကင်းမှုအဆင့်သုံး (P3) လက်တွေ့စမ်းသပ်ခန်း ဖြစ်တယ်လို့သိရပါတယ်။

စက်ပစ္စည်းများအပြင် တရုတ်နိုင်ငံကလည်း နှစ်နှစ်တာ နည်းပညာပူးပေါင်းဆောင်ရွက်မှုပေးပြီး မြန်မာနိုင်ငံအတွက် ကျန်းမာရေးဝန်ထမ်းနှင့် နည်းပညာဝန်ထမ်းများ လေ့ကျင့်မွေးထုတ်ပေးသွားမယ်လို့ သိရပါတယ်။

အဆိုပါစီမံကိန်းကို ၂၀၂၁ခုနှစ်ဇန်နဝါရီလတွင် စီမံကိန်းစတင်ဖော်ဆောင်ပြီးနောက် စီမံကိန်းအဖွဲ့အနေနဲ့ ကပ်ရောဂါထိခိုက်မှုကိုကျော်ဖြတ်ကာ ယာယီအဆောက်အအုံတည်ဆောက်မှု၊ မြေဖို့မှုများကိုလုပ်ဆောင်ပြီးဖြစ်ကာ မိုးရာသီပြီးဆုံးသွားသည်နှင့် အမျှစီမံကိန်းအဖွဲ့က တည်ဆောက်မှုအရှိန်မြှင့်တင်ပြီး ဆောက်လုပ်နေတယ်လို့သိရပါတယ်။

CDCစီမံကိန်းဖော်ဆောင်ပြီးစီးပြီးနောက် ကပ်ရောဂါကြိုတင်ကာကွယ်ရေး၊ အရေးပေါ်တုံ့ပြန်ရေး၊ သိပ္ပံသုတေသနနှင့် လူရည်ချွန်မွေးထုတ်ရေးစသည့်အပိုင်းများတွင် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လာမယ်လို့သိရပါတယ်။