#Local_News
Published 26 November 2023


ပြည်ပနိုင်ငံသို့ တရားဝင် အလုပ်သွားရောက် လုပ်ကိုင်မည့် အလုပ်သမား ၁၆သိန်းကျော်ကို အလုပ်သမားသက်သေခံ(OWIC) ကတ် ထုတ်ပေးပြီးစေလွှတ်နိုင်ခဲ့ကြောင်း အလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။

 

အလုပ်သမား ဝန်ကြီးဌာနက ခွင့်ပြုစေလွှတ်ခဲ့သည့် နိုင်ငံပေါင်း ၉၃ နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်မည့်အလုပ်သမား ၁၆သိန်းကျော်ကို OWIC ကတ်ပြုလုပ်ခွင့်ပြု၍ စေလွှတ်ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီအစီအစဉ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက် လုပ်ကိုင်မည့် အလုပ်သမားများနှင့် မိမိအစီအစဉ်ဖြင့် ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်မည့် အလုပ်သမားများအတွက် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့ သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ရွှေ့ပြောင်းအလုပ်သမား ဌာနစုတွင် လည်းကောင်း၊ ပြည်ပနိုင်ငံများမှ ခွင့်ပြန်အလုပ်သမားများအတွက် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (တိုင်းဒေသကြီးရုံး) တွင်လည်းကောင်း ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ် (OWIC) များကို စိစစ် ခွင့်ပြုထုတ်ပေးလျက်ရှိသည်။

 

၁၉၉၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ် အောက်တိုဘာလအထိ ပြည်ပအလုပ်အကိုင်အကျိုးဆောင် လိုင်စင်ရအေဂျင်စီ အစီအစဉ်ဖြင့်လည်းကောင်း၊ မိမိအစီအစဉ် ဖြင့်လည်းကောင်း၊ ခွင့်ဖြင့်ပြန်လာသူများကိုလည်းကောင်း OWIC ပြုလုပ်ပေးလျက်ရှိရာ ထိုင်းနိုင်ငံ သို့ ၁၁၁၀၅၉၅ ဦး၊ စင်ကာပူနိုင်ငံသို့ ၅၂၀၃၅ ဦး၊ ကိုရီးယားနိုင်ငံသို့ ၆၄၃၆၄ ဦး၊ ဂျပန်နိုင်ငံသို့ ၆၀၀၁၃ ဦး၊ မလေးရှားနိုင်ငံသို့ ၃၈၅၅၆၆ ဦးအပါအဝင် ပြည်ပ နိုင်ငံ ၉၃ နိုင်ငံသို့ သွားရောက်အလုပ် လုပ်ကိုင်မည့် အလုပ်သမားများအား OWIC ကတ်ပြုလုပ်ခွင့်ပြု၍ စေလွှတ်ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

#Local_News #လုပ်သား ၁၆ သိန်းကျော် #OWIC ကတ် ထုတ်ပေး
#YMG/NN #Yangon_Times