Published 3 January 2024

  အဝတ်အထည်ရောင်းချသော Online Page တစ်ခုမှ Live လွှင့်ရောင်းချပြီးပစ္စည်း မပို့ပေးသည့်အပေါ် တိုင်ကြားမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း စားသုံးသူရေး ရာ ဦးစီးဌာန၏ ယမန်နေ့ ဇန်နဝါရီ(၂) အသိပေးထုတ်ပြန်ချက်အရ သိရသည်။

  မကွေးမြို့ရှိ ပိုးထည်ချည်ထည် အမျိုးမျိုးရောင်းဝယ်ရေး Online Page Live မှ ပါတိတ်ထမီ (၁၀) ကွင်းအား ကျသင့်ငွေ ကျပ်(၂၈,၄၀ဝ)၊ ပို့ဆောင်ခ ကျပ် (၁,၀၀ဝ)၊ စုစုပေါင်းကျသင့်ငွေ ကျပ်(၂၉,၄၀ဝ)အား K-Pay ဖြင့် ငွေလွှဲ၍ ဝယ်ယူခဲ့သည်ဟုဆိုသည်။

သို့သော် မှာယူပြီး သုံးပါတ်ကြာသည်အထိ အထည်များပေးပို့လာခြင်းမရှိသဖြင့် ဆက်သွယ်ပြောကြားခဲ့ရာတွင် ရိုင်းစိုင်းစွာပြောဆိုပြီး Account အား block သွားပါသဖြင့် Consumer Call Center 1535 သို့ တိုင်ကြားလာကြောင်း သိရသည်။

  ထို့ကြောင့် စားသုံးသူရေးရာဦးစီးဌာန ကတိုင်ကြားမှုအတွက် စားသုံးသူကာကွယ် ရေးဥပဒေအရ စားသုံးသူထိခိုက် နစ်နာမှုရှိ/မရှိ စိစစ်ခဲ့ပြီး တိုင်ကြားသူဝယ်ယူခဲ့သည့် Online Page တွင် ဖော်ပြထားသော ဖုန်းနံပါတ်ကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရသဖြင့် ၎င်း၏ Page Chat Box မှတဆင့် ဖြေရှင်းဆောင်ရွက်ပေးရန် ကနဦး ညှိနှိုင်းပေးခဲ့ရသည်ဟုဆိုသည်။

 ၎င်း Page မှ အထည်ဝယ်ယူခဲ့သူကိုယ်တိုင် ဆက်သွယ်ပေးပါရန် ပြောကြားလာသဖြင့် တိုင်ကြားသူအား ဆက်သွယ်စေခဲ့ပါသည်ဟုဆိုသည်။

 ထို့နောကိ တိုင်ကြားသူ၏ K-Pay Account ထဲသို့ ပါတိတ် ထမီ(၁၀) ကွင်း ဝယ်ယူခဲ့သည့် ကျသင့်ငွေကျပ် (၂၉,၄၀ဝ)အား ပြန်လည်လွှဲပြောင်းပေးပို့ပြီးဖြစ်ကြောင်း ပိုးထည်ချည်ထည်ရောင်းဝယ်ရေး Page Message မှ ဌာနသို့ ပေးပို့လာကြောင်း သိရသည်။

  ဌာနအနေဖြင့်  တိုင်ကြားသူအား လျော် ကြေးငွေ ရရှိခြင်း ရှိ/မရှိမေးမြန်းရာ လျော်ကြေးငွေ ပြန်လည်ရရှိပြီးဖြစ် ကြောင်း၊ မကွေးတိုင်းစားသုံးသူရေးရာဦးစီး ဌာန၏ ဖြေရှင်းဆောင်ရွက်ပေးမှုအပေါ်  စိတ်ကျေနပ်မှုရရှိသဖြင့် တိုင်းဒေသကြီးဦးစီးမှူးရုံး သို့လာရောက်၍ ကြေအေးလွှာတွင် လက်မှတ်ရေးထိုးပြီး အမှုအားပိတ်သိမ်းခဲ့သည်ဟု အသိပေးထုတ်ပြန်ချက်တွင်ရေးသားဖော်ပြထားသည်။
Yangon Times/LW
#Local_News
#Published_ 03 January 2024
#YMG #Yangon_Times #YMG_News #Yangon_Media_Group