#LocalHealth

Published - 20 Dec 2021

Omicron(အိုမီခရွန်)ရောဂါပိုးနှင့် ပတ်သက်၍ ပြည်သူလူထုအနေဖြင့် အလွန်အမင်းစိုးရိမ်ကြောင့်ကြခြင်းမပြုဖို့ ကျန်းမာရေးဝန်ကြီးဌာနက  ထုတ်ပြန်လိုက်ပါတယ်။

ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲဖြစ်တဲ့ Omicron (အိုမီခရွန်) နိုင်ငံအတွင်းသို့ ဝင်ရောက်ကူးစက်မှု မရှိစေရန် အချိန်နှင့်တစ်ပြေးညီ အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိ ပြီး "ကိုဗစ်-၁၉ ရောဂါမျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည်ရှုခြင်းလုပ်ငန်းစဉ်အဖြစ် မျိုးရိုးဗီဇအစီအစဉ်လေ့လာခြင်းလုပ်ငန်း"(Genome Sequencing) ကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိ ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

အဆိုပါ လုပ်ငန်းစဉ်အရ ပြည်ပနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် မလေးရှားနိုင်ငံတို့မှ ပြန်လည်ရောက်ရှိလာသူများအနက် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ ရှိသူများနှင့် မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေ့ ရှိနိုင်ချေ များပြားသည့် အုပ်စုများရှိ ဓါတ်ခွဲနမူနာ (၁၂)ခုအား ရယူ၍ ကျန်းမာရေးဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနတွင် စစ်ဆေးခဲ့ရာ ယနေ့အထိ အိုမီခရွန်ပိုး(Omicron)မတွေ့ ရှိရဘဲ ယခင်က မြန်မာနိုင်ငံတွင် တွေ့ ရှိပြီးဖြစ်သည့် ဒယ်လ်တာ (Delta)ပိုးတွေ့ ရှိသူ (၁၂)ဦးကိုသာ တွေ့ ရှိရကြောင်း
ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအခြေခံစည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်း၊ သံသယရောဂါလက္ခဏာရှိသူများအနေဖြင့် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပေးပို့ခြင်း၊ အလှည့်ကျ ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှု မပျက်မကွက် အကြိမ်ပြည့်ခံယူခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများကို ကာကွယ်ဆေးထိုးနှံပေးနိုင်ရန်အတွက် ကျန်းမာရေး ဌာနသို့ ဆက်သွယ်ပို့ဆောင်ပေးခြင်း စသည်တို့ကို
သတိပြု၍ ဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

အဆိုပါ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါပိုးသည် ယ နေ့အချိန်အထိ နိုင်ငံပေါင်း (၉၅)နိုင်ငံတို့တွင် ပျံ့နှံ့လျက်ရှိကာ အတည်ပြုလူနာ စုစုပေါင်း(၄၅,၇၁၄)ဦးရှိပြီး အာဖရိကနိုင်ငံများ၊ ဥရောပနိုင်ငံများ၊ အမေရိကန်၊ ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်၊ ဩစတြေးလျနိုင်ငံ အစရှိသည်တို့တွင် အတည်ပြု တွေ့ ရှိရပြီးဖြစ်သည့်အပြင် အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဒေသတွင်းနိုင်ငံများဖြစ်သော သီရိလင်္ကာနိုင်ငံ၊ နီပေါနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ မော်လဒိုက်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယား နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင်လည်း ဓာတ်ခွဲအတည်ပြုလူနာများတွေ့ ရှိထားတာဖြစ်ပါတယ်။

#YangonMediaGroup