#LocalNews

Published - 30 Dec 2021

 

တရားစွဲဆိုခံထားရပြီး ဖမ်းဆီးထိန်သိမ်းကာ တရားရင်ဆိုင်နေရတဲ့ NLDပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်အချို့နဲ့ အနုပညာရှင်အချို့ကို ဒီကနေ့မှာ အကျဥ်းထောင်ထဲက အထူးတရားရုံးတွေမှာ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ရဲ့ခေါင်းဆောင်များဖြစ်တဲ့ ဦးဟံသာမြင့်၊ ဦးသိန်းဦးနဲ့ ဒေါက်တာမျိုးညွှန့်တို့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ နဲ့ ထောင်ဒဏ် ၂ နှစ်စီ ကျခံစေရန် အင်းစိန်ထောင်တွင်းအထူးတရားရုံးက ယနေ့အမိန့်ချမှတ်ခဲ့သလို ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ ကိုလူမင်းနဲ့ သရုပ်ဆောင်ရဲတိုက်တို့ကိုလည်း ထောင်ဒဏ် ၃ နှစ်စီ ကျခံဖို့ အမိန့်ချလိုက်ပါတယ်။

 

ဒါ့အပြင် ကိုမင်းသွေးသစ်ကို ထောင် ၁နှစ်၊ ကိုအေးအောင်ကို ထောင် ၃နှစ်အမိန့်ချလိုက်တယ်လို့လည်း ရှေ့နေတွေဆီကသိရပါတယ်။

 

"အမိန့်တွေချမှတ်ထားပါတယ်။ဒါပေမဲ့ချုပ်ရက်တွေ ထုတ်နိုတ်ခံစားခွင့်ရမှာပါ။ဥပမာ မင်းသွေးသစ်ဆိုရင် ထောင်တစ်နှစ်ကျခံရမှာဖြစ်တဲ့အတွက်ချုပ်ရက်တွေထုတ်နုတ်လိုက်ရင် လပိုင်းလောက်ပဲ နေရတော့မှာပါ"လို့ ရှေ့နေတစ်ဦးကပြောပါတယ်။

 

ဖေဖော်ဝါရီလကစတင်ဖြစ်ပေါ်ခဲ့တဲ့ နိုင်ငံရေးဖြစ်စဥ်တွေအရဦးဟံသာမြင့်နဲ့ ဦးသိန်းဦးတို့ကို ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးချုပ်နှောင်ခံထားဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အင်းစိန်ထောင်တွင်း အထူးတရားရုံးက စာရေးဆရာမ ဒေါ်သန်းမြင့်အောင်အား ထောင်ဒဏ် ၃ နှစ်၊ မော်ဒယ်ပိုင်တံခွန် ၃ နှစ်၊ ရွှေညဝါဆရာတော် ၂ နှစ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌဖြစ်သူ ကိုဝေယံဖြိုးမိုးအား ၂ နှစ် ၁ လ စသည်ဖြင့် ပြစ်ဒဏ်များ ချမှတ်ခဲ့ပါသေးတယ်။

#Yangon_Media_Group