#LocalNews

Published - 18 Nov 2021

နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ၊ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်အစိုးရ၏အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ က သူ့အနေဖြင့် NLD ပါတီခေါင်းဆောင်ပိုင်းအချို့နှင့် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း တွေ့ဆုံခဲ့ကြောင်း ယနေ့ နိုဝင်ဘာလ ၁၈ ရက်တွင် ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ Meliá Hotel တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများက မေးမြန်းစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

"NLD ပါတီက ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တာတော့ဟုတ်တယ်။ ဒါပေမဲ့လည်း ဆွေးနွေးတဲ့အကြောင်းအရာနဲ့ ဘယ်သူနဲ့တွေ့တာတော့ မပြောလိုဘူး"ဟုမစ္စတာ ဆာဆာကာဝါကပြောသည်။

မစ္စတာ ဆာဆာကာဝါသည် နိုဝင်ဘာလ ၁၂ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ယင်းနေ့တွင် AA ခေါင်းဆောင်အား အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်၍ တစ်ဘက်နှင့်တစ်ဘက် ထိတွေ့တိုက်ပွဲများမဖြစ်ပွားစေရန် ဆွေးနွေးခဲ့သည်။ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံခဲ့ကြောင်း၊ယင်းနောက် ရန်ကုန်မှ ရခိုင်ပြည်နယ် စစ်တွေမြို့သို့နိုဝင်ဘာလ ၁၅ ရက်တွင် နေ့ချင်းပြန် သွားရောက်ခဲ့ကြောင်း၊ယင်းနေ့မတိုင်မီ နိုဝင်ဘာလ ၁၄ ရက်က NLD ပါတီ မှ ဒေါ်စုစုလွင်နှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။


ယင်းအပြင် နိုဝင်ဘာလ ၁၆ ရက် ညနေပိုင်းက ရန်ကုန်မြို့တွင် ပြည်သူ့ပါတီ၊ရှမ်းတိုင်းရင်းသားပါတီ SNLD ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ၊ ရခိုင့်ဦးဆောင်ပါတီ ၊ဖက်ဒရယ်ပြည်ထောင်စုပါတီ ခေါင်းဆောင်ပိုင်းများနှင့် ရန်ကုန်မြို့တွင် တွေ့ဆုံခဲ့ကြကာ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

#Yangon_Media_Group