အောက်တိုဘာ၁၄၊၂၀၂၃

အိန္ဒိယနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ဆက်လက်ကူညီ ဆောင်ရွက်သွားမည့် အခြေအနေ များနှင့် NCA အပေါ်အပြည့်အဝယုံကြည်လျက်ရှိကြောင်း  နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံ၊ ဒုတိယအမျိုးသား လုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် Mr. Vikram Misriတို့ နေပြည်တော်တွင် ယနေ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရှိရပါတယ်။

အောက်တိုဘာ ၁၅ ရက်နေ့တွင် ကျင်းပမည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့တက်ရောက်ရန် ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံ၊ ဒုတိယအမျိုးသား လုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် H.E. Mr. Vikram Misri ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့က ယနေ့ အောက်တိုဘာ ၁၄ ရက်နေ့တွင် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ လာရောက်တွေ့ဆုံစဉ် အဆိုပါကိစ္စဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးက အိန္ဒိယနိုင်ငံအစိုးရကိုယ်စား  Mr. Vikram Misri က မြန်မာနိုင်ငံအတွက်အရေးကြီးသည့် ငြိမ်းချမ်းရေးနှစ်ပတ်လည်နေ့အခမ်းအနားကို လာရောက်တက်ရောက် သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့တယ်လို့သတင်းထုတ်ပြန်ချက်မှာဖော်ပြပါရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီးနှင့် Mr. Vikram Misri တို့သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်း ရေးအတွက်ဆောင်ရွက်လျက်ရှိမှု၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေး ဆောင်ရွက်လျက်ရှိမှု၊ နိုင်ငံတော်အစိုးရနှင့် တပ်မတော်အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိမှု၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် အိန္ဒိယနိုင်ငံအနေဖြင့် တစ်ဖက်တစ်လမ်းမှ  ကူညီဆောင်ရွက် ပေးလျက်ရှိမှု၊  နယ်စပ်ဒေသတည် ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု၊ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု၊ နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ ယခုထက်ပိုမိုတိုးတက်ကောင်းမွန် စေရေးဆောင်ရွက်ရန်လိုအပ်လျက်ရှိမှုတို့ကို‌ဆွေးနွေးခဲ့တယ်လို့လည်း နစကသတင်း ထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ယင်းအပြင် နိုင်ငံတော်အစိုးရနှင့်တပ်မတော်အနေဖြင့် NCA လမ်းကြောင်းပေါ်၌ ခိုင်မာစွာရပ်တည်  လျှောက်လှမ်းလျက်ရှိမှုနှင့် ပါတီစုံဒီမို ကရေစီ လမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိမှု၊ အိန္ဒိယနိုင်ငံ အနေဖြင့်လည်း မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ဆက်လက်ကူညီ ဆောင်ရွက်သွား မည့် အခြေအနေများ    နှင့် NCA အပေါ်အပြည့်အဝယုံကြည်လျက်ရှိမှု နှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုများနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဖြင့် အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဆက်လက်ဖော်ပြထားပါတယ်။

တွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အတူကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီ အဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ  ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် တို့ တက်ရောက်ကြပြီး  အိန္ဒိယနိုင်ငံ၊ ဒုတိယ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေး ပုဂ္ဂိုလ်နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar နှင့်တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသတင်းရရှိပါတယ်။