#LocalPolitics
Published 14 January 2022
NCA တွင်လက်မှတ်မထိုးရသေးသည့် အဖွဲ့အစည်းများပါဝင်လာနိုင်ဖို့ အလွတ်သဘောဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
ပြည်တွင်းခရီးစဉ်တစ်ခုဖြစ်တဲ့ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့သို့ရောက်ရှိစဉ် ဇန်နဝါရီ ၁၃ ရက်က ဒေသအုပ်ချုပ်ရေးအဖွဲ့အစည်းတွေနှင့်တွေ့ဆုံစဉ် နစကဥက္ကဋ္ဌက ယခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးမှာ လက်နက်ကိုင်အဖွဲ့အစည်းအားလုံး ဥပဒေနှင့်အညီပါဝင်လာမှသာလျှင် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်လိမ့်မယ်လို့ နစကဥက္ကဋ္ဌက ယခင်သူကြေညာပြောဆိုခဲ့တဲ့ရွေးကောက်ပွဲကို ရည်ညွှန်းပြီး ထပ်မံသတိပေးပြောဆိုလိုက်ပါတယ်။
အဲဒီအတွက် ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးရရှိရေးအတွက် ဦးတည်ကြိုးပမ်းဆောင်ရွက်နေတာဖြစ်တယ်လို့ သူကပြောပါတယ်။.
လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကြပ်အတည်းတွေကို ဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်သူများအားလုံးပါဝင်သော အဓိပ္ပယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲများနဲ့သာ ဖြေရှင်းနိုင်မယ်လို့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်ဦးဆောင်အဖွဲ့ PPST က ဇန်နဝါရီလ ၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနဲ့မဖြေရှင်းခဲ့ဘဲ အင်အားသုံးဖြေရှင်းခဲ့တာကြောင့် အပြစ်မဲ့ပြည်သူများသေဆုံးခဲ့ခြင်း၊အတိဒုက္ခရောက်ခြင်း၊လူမှုစီးပွားရေးနိမ့်ဆင်းသွားခြင်း၊လူငယ်များအနာဂတ်ပျောက်ဆုံးသွားခြင်းများ ကြုံတွေ့ခဲ့ရမှုအပေါ် အထူးဝမ်းနည်းတယ်လို့ ထုတ်ပြန်ထားပါတယ်။ဒါကြောင့် ၂၀၂၂ ခုနှစ်မှာ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဆောင်ရွက်ဖို့ သက်ဆိုင်ရာအစုအဖွဲ့တွေကို ပန်ကြားတယ်လို့ဖော်ပြထားပါတယ်။
ထို့အပြင်၂၀၂၂ ခုနှစ်အတွက် PPST ကချမှတ်ထားသောလုပ်ငန်းစဥ်အဖြစ် လက်ရှိမြန်မာနိုင်ငံအကြပ်အတည်းဖြေရှင်းရေးအတွက် NCA ရဲ့အနှစ်သာရကိုသော်လည်းကောင်း၊PPST ရဲ့ နိုင်ငံရေးဦးတည်ချက် ၇ ရပ်ကိုသော်လည်ကောင်း အခြေခံကာ နိုင်ငံရေးအကြပ်အတည်းများ ဖြေရှင်းနိုင်ရေးကြိုးပမ်းသွားမယ်လို့ ဖော်ပြထားပါတယ်။
YMG/hm
#Yangon_Media_Group