#Local_News
Published -16 October 2023


နှစ်တာကာလကြာမြင့်သည့်တိုင် NCA ကို အကောင်အထည်မဖော်နိုင်ခဲ့သောကြောင့် ပြည်ထောင်စုကြီးအတွက် များစွာနှမျောမိကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်က ပြောသည်။

 

ယနေ့ အောက်တိုဘာလ ၁၅ ရက်တွင် ကျင်းပခဲ့သော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်း (၈) နှစ်ပြည့် အခမ်းအနားတွင် NCA စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း(၇)ဖွဲ့၏ကိုယ်စား ယင်းက ပြောခြင်း ဖြစ်သည်။


“အထူးသဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံရေးအကျပ်အတည်းများ ဖြစ်ပေါ်လာခဲ့ရာမှာ နိုင်ငံ ရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းနိုင်ခဲ့ကြတဲ့အတွက် NCA အကောင်အထည်ဖော်မှုသည်လည်း ရပ်တန့်သွားခဲ့ရပါတယ်။ နိုင်ငံ့အရေး၊ ငြိမ်းချမ်းရေးအတွက်အချိန်တွေ အလဟဿ ဖြစ်ခဲ့ရပါတယ်”ဟု ၎င်းက ပြောသည်။

 

သို့သော်လည်း NCA လက်မှတ်ရေးထိုးထားခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ အစည်းများအနေဖြင့် NCA ၏ အနှစ်သာရများဖြစ်သော နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး၊ သက်ဆိုင်သူအားလုံးပါဝင်သော အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေးနှင့် အရပ်သားများကို အကာအကွယ်ပေးရေး စသော မူများကိုကိုင်စွဲကာ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် တစိုက်မတ်မတ် အားထုတ်ကြိုးပမ်းခဲ့ကြောင်းနှင့် ကြိုးပမ်းနေဆဲလည်း ဖြစ်ကြောင်း ယင်းက အသိပေးတင်ပြခဲ့သည်။

 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) သည် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ပါဝင် လက်မှတ်ရေးထိုးခဲ့သည့်သာကမ ကုလ သမဂ္ဂ၊ ဥရောပသမဂ္ဂ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဂျပန်နိုင်ငံတို့က အသိသက်သေအဖြစ် ပါဝင် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူစာချုပ်ဖြစ်သည့်အပြင် တွေ့ဆုံဆွေးနွေးခြင်းလမ်းကြောင်းမှတစ်ဆင့် တိုင်းပြည်ရဲ့အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းခဲ့သော်လည်း အလျှော့အတင်းမလုပ်နိုင်ခဲ့သဖြင့် NCA အကောင်အထည် ဖော်ဆောင်ခြင်းလုပ်ငန်းများ ရှေ့မတိုးနိုင်ဖြစ်ခဲ့ရကြောင်းလည်း ၎င်းက ပြောသည်။

 

လက်ရှိတွင် ပြည်တွင်း၌ စစ်ရေးပဋိပက္ခ နှင့် နောက်ဆက်တွဲအကျိုးအဆက်များကို ရင်ဆိုင်ကြုံတွေ့နေရသော ကြောင့် ဘက်ပေါင်းစုံ အကျပ်အတည်းကို ပိုမိုပြီးဆိုးဝါးသထက် မဆိုးဝါးလာစေရန် ဝိုင်းဝန်းပြီး အဖြေရှာရမည့် အချိန် ရောက်ပြီဟုလည်း တိုက်တွန်းခဲ့သည်။

 

ယင်းအပြင် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို မဖြစ်မနေ အကောင်အထည်ဖော်ရမည့်အချိန် ကျရောက်နေပြီဖြစ်၍ သက်ဆိုင်သူများအကြား ယုံကြည်မှုတည်ဆောက်နိုင်ရေးကလည်း လိုအပ်နေကြောင်း၊ သူ့မူကိုယ့်မူ အသေစွဲကိုင်နေကြမည်ဆိုပါက လက်ရှိ နိုင်ငံရေးအကြပ်အတည်းကို ကျော်လွှားနိုင်မည်မဟုတ်ကြောင်းလည်း ဆိုသည်။

 

နိုင်ငံရေးပြဿနာ၏ အရေးကြီးသောအစိတ်အပိုင်းတစ်ရပ်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်းပြင်ရန် လိုအပ်သကဲ့သို့ အားလုံးလက်ခံနိုင်သည့် ဥပဒေ ဖြစ်ရန် လိုကြောင်းလည်း ဗိုလ်ချုပ်ကြီးယွက်ဆစ်က ပြောကြားခဲ့သည်။

 

#Local_News #NCA #ဗိုလ်ချုပ်ကြီးယွက်ဆစ် #Yangon_Times/PP