#LocalNews

Published - 18 Dec 2021

 

အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိင်းရေးကော်မတီနှင့် NCA လက်မှတ် ရေးထိုးခြင်းမပြုရသေးသော တိုင်းရင်သားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့တို့ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့တွင် တွေ့ဆုံခဲ့တယ်လို့ နစက ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

 

တွေ့ဆုံမှုနဲ့ပတ်သတ်ပြီး နစက ကသတင်းထုတ်ပြန်ရာမှာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိင်းရေး ကော်မတီနဲ့ NCA လက်မှတ်ရေးထိုးခြင်း မပြုရသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့တို့သည် ၂ဝ၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မိုင်းလားမြို့၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များနှင့် ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ အလွတ်သဘော တွေ့ဆုံဆွေးနွေးတာဖြစ်တယ်လို့ သိရပါတယ်။

 

တွေ့ဆုံဆွေးနွေးပွဲကို အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိင်းရေး ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ကော်မတီဝင်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်နှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တိုင်းရင်းသား လက်နက်ကိုင်များဘက်မှ ''ဝ'' ပြည်သွေးစည်း ညီညွတ်ရေးပါတီ( UWSA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့(NDAA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNDAA)၊ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

 

တွေ့ဆုံမှုတွေအပြီး ညှိနှိင်းရေးကော်မတီက တက်ရောက်လာကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ တစ်ဖွဲ့ချင်းစီအား လည်းကောင်း၊ NDAA မိုင်းလားအဖွဲ့ ဥက္ကဋ္ဌ ဦးစိုင်းလင်းနှင့် အဖွဲ့ဝင်များအားလည်းကောင်း သီးခြားစီတွေ့ဆုံပြီး လက်နက်ကိုင်ပဋိပက္ခများ လျှော့ချနိုင်ရေး၊ ဆက်လက်ဆောင်ရွက်ကြမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ကိစ္စရပ်များ၊ နှစ်ဖက်ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကျန်းမာရေးနှင့် ဒေသဖွံ့ဖြိုးရေး၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နယ်စပ်တည်ငြိမ်အေးချမ်းရေး ဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

#Yangon_Media_Group