Published 07 December 2023

နိုင်ငံတကာအဆင့်မီ တန်ဖိုးမြှင့် စားသောက်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရန်အခြေခံစားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်သည့် MSMEs လုပ်ငန်းရှင်များအား အဖက်အဖက်မှ ပံ့ပိုးရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းချုပ်နှင့် ညီနောင်အသင်းတို့ ညှိနှိုင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းကုန်သည်စက်မှုအသင်းချုပ်မှပြောကြားသည်။

မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း၏ (၁၂)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး၌ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဌကယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက “စားသောက်ကုန်လုပ်ငန်းများဟာ ပြည်တွင်း စီးပွားရေးကဏ္ဍ အတွက် အရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်ပြီး MSME စီးပွားရေးလုပ်ငန်းများကနေ အရွယ်အစား ကြီးမားသော လုပ်ငန်းကြီးများအထိ ဝင်ရောက် ရင်းနှီးလုပ်ကိုင်ရန် အလားအလာကောင်းရှိတဲ့ လုပ်ငန်းကဏ္ဍ တစ်ခုလည်း ဖြစ်ပါတယ်။

ပြည်တွင်းမှာ ထုတ်လုပ်တဲ့ အခြေခံစားသောက်ကုန်ပစ္စည်းတွေကို နိုင်ငံတကာအဆင့်မီ တန်ဖိုးမြှင့် စားသောက်ကုန်များအဖြစ် ယခုထက်ပိုမို ထုတ်လုပ်နိုင်ဖို့အတွက် MSMEs လုပ်ငန်းရှင်များကို နည်းပညာ ပံ့ပိုးမှုများ၊ ဈေးကွက်အခွင့်အလမ်းများအပြင် လိုအပ်တဲ့ ငွေကြေးအရင်းအမြစ် ၊ ဗဟုသုတများ ရရှိဖို့လည်း အရေးကြီးသည့်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းချုပ်နှင့် ညီနောင်အသင်းတို့ ညှိနှိုင်းဆောင်ရွက်သွားကြမည်ဖြစ်ပါတယ်'' ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း (MFPEA) ကို ၂၀၁၆ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး စားသောက်ကုန်ထုတ်လုပ်သူများ၏ ကုန်ထုတ်လုပ်မှုတိုးတက်လာစေရန်၊ ဘေးအန္တရာယ် ကင်းရှင်းသည့် အရည်အသွေးမြင့် စားသောက်ကုန်များ ထုတ်လုပ်လာနိုင်စေရန်၊ ပြည်တွင်းထုတ်ကုန်ပစ္စည်းများကို စားသုံးသူပြည်သူများ ပိုမိုယုံကြည်သုံးစွဲလာစေရန်၊ ပြည်ပဈေးကွက်သို့ ထိုးဖောက်ရောင်းချနိုင်ရန်၊ စားသောက်ကုန်များ၏ အရည်အသွေး ဖွံ့ဖြိုးတိုးတက်လာစေရန် ပံ့ပိုးပေးနိုင်မည့် နိုင်ငံတကာ အဆင့်မီဓါတ်ခွဲခန်းများဖြင့် နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးနိုင်ရန်စသည့် ရည်ရွယ်ချက်များနှင့် အသင်းကို လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Yangon-Times/NN
#Local_News
#Published 07 December 2023
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group