Published_ 3 May 2024

မြန်မာနိုင်ငံရှိ MSME လုပ်ငန်းများ၏ ၇၀ ရာခိုင်နှုန်းသည် အစားအသောက် ထုတ်လုပ်သည့် လုပ်ငန်းများဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးရဲ့ ပြောကြားချက်အရ သိရပါတယ်။

မေ ၂ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားအဆင့် အစားအသောက် ဘေးအန္တရာယ် ကင်းရှင်းရေးမူဝါဒပါ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ ချမှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲ၌ ကျန်းမာရေးဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း ပြောကြားခဲ့ တာဖြစ်ပါတယ်။

အမျိုးသားအဆင့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး မူဝါဒကို မိတ်ဆက်ဖြန့်ဝေခဲ့ပြီး အဆိုပါအလုပ်ရုံဆွေးနွေးပွဲသည် မူဝါဒပါ အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ ချမှတ်ဆောင်ရွက်နိုင်ရေး ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါတယ်။

ပြည်သူလူထုကျန်းမာရေး အဆင့်အတန်းမြင့်မားရေးအတွက် အရေးကြီးသည့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် အရည်အသွေးပြည့်မီရေး ဆောင်ရွက် လျက်ရှိပြီး စိုက်ပျိုးမွေးမြူ ထုတ်လုပ်မှုမှ တည်ခင်းစားသုံးမှုအထိ အစားအသောက် ကွင်းဆက်တစ်လျှောက် အစားအသောက်ဘေးကင်းရေးစံချိန် စံညွှန်းများကို လိုက်နာဖို့ လိုတယ်လို့ ကျန်းမာရေးဝန်ကြီးကဆိုပါတယ်။

ဘေးအန္တရာယ်ရှိသော အစားအသောက်များကို စားသုံးမိခြင်းကြောင့် ချက်ချင်း လက်ငင်း ကျန်းမာရေးဆိုးကျိုးများ ရရှိနိုင်သကဲ့သို အချိုကိစ္စရပ်များတွင် နာတာရှည် ရောဂါများဖြစ်ပွားနိုင်ကြောင်း၊ တိုးတက်လာသည့် လူဦးရေ၊ ဖွံဖြိုးလာသည့် နည်းပညာများ ကြောင့် ပြည်တွင်း/ပြည်ပမှ ထုတ်လုပ်၊ တင်သွင်းသည့် အစားအသောက်များ လွန်စွာ များပြားလာသည့်အတွက် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများကို ကြီးကြပ်ကွပ်ကဲရာတွင် များစွာ အခက်အခဲရှိနေပါတယ်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် နစက၏ စီးပွားရေးဦးတည်ချက်ဖြစ်သည့် တိုးတက်ကောင်းမွန်လာသည့် စီးပွားရေး မောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပိုကုန်ကဏ္ဍမြှင့်တင်ရေး ဦးတည်ချက်ကို များစွာအထောက်အကူဖြစ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အလုပ်ရုံဆွေးနွေးပွဲသို တက်ရောက်လာကြတဲ့ ဝန်ကြီးဌာနများ၏ ဘာသာရပ် ဆိုင်ရာ တာဝန်ရှိသူများက အစားအသောက်ကွင်းဆက်တစ်လျှောက်တွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်နေမှုများကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။
Ymg_mnn
#Local_News
#Published_ 03 May 2024
#YMG_News #Yangon_Times #Yangon_Media_Group