၇ ဇူလိုင် ၂၀၂၄

တရုတ်နိုင်ငံ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ်သို့ တက်ရောက်ရန်  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်းတုန်းပြည်နယ် ချင်းတောင်မြို့သို့ရောက်ရှိနေသည့် နစက ဒုတိယဥက္ကဋ္ဌ ဒုတိယ    ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ယနေ့ ဇူလိုင်(၇)ရက် ဒေသစံတော်ချိန်(၅)နာရီတွင် တရုတ်ပြည်သူ့   သမ္မတနိုင်ငံ  တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်အမျိုးသားကော်မတီ၏ ဒုတိယဥက္ကဋ္ဌ၊ SCO အိမ်နီးချင်း ကောင်းစိတ်ဓာတ်၊ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကော်မရှင် GNFCCSCO : the Good-Neighborliness, Friendship and Cooperation Commission of Shanghai Cooperation Organization) ဥက္ကဋ္ဌ ဖြစ်သူ မစ္စရှန်ယွဲယွဲ  Ms. Shen Yueyue နှင့် ချင်းတောင်နိုင်ငံတကာ ကွန်ဖရင့်စင်တာတွင် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် Ms. Shen Yueyue တို့သည် မြန်မာ-တရုတ်နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဆောင်ရွက်နေမှုများ၊ SCO အဖွဲ့ကြီးတွင် မြန်မာ ဆွေးနွေးဖက်နိုင်ငံအဖြစ်ပါဝင်နေသည့် အခြေအနေများ၊ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများအပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များ  ကို ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် မနက်ဖန် ဇူလိုင် ၈ရက်တွင်ကျင်းပမည့် စိမ်းလန်းသောဖွံ့ဖြိုးမှုဖိုရမ် ဖွင့်ပွဲတွင် အခြား SCO နိုင်ငံများမှ နိုင်ငံ့အကြီးအကဲများနှင့်အတူ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။

အဆိုပါဖိုရမ်သို့တက်ရောက်ရန် SCO  အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူအဆင့်နှင့် ဆွေးနွေးဖက်အဆင့်နိုင်ငံများမှ တာဝန်ရှိသူများ၊ပညာရှင်များနှင့်မီဒီယာကိုယ်စားလှယ်များတက်ရောက်ကြမည်ဟုသိရသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီးသည် အဖွဲ့ဝင်များနှင့်အတူ ယမန်နေ့ ဇူလိုင် ၆ရက်နေ့ ညနေပိုင်းက ချင်းတောင်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။