Published-28 November 2023

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်ဖြစ်ပွား‌နေသည့် တိုက်ပွဲများ‌ကြောင့် နယ်စပ်ဆန်တင်ပို့မှုကို ထိခိုက်မှုမရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က တတိယအကြိမ် သတင်းပြန်ကြားဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာ (၂၇)ရက်က စတင်ခဲ့သည့် တိုက်ပွဲများကြောင့် တရုတ် - မြန်မာ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှာ လုံးဝနီးပါး ရပ်တန့်နေရပြီး လမ်းကြောင်းသစ်ရှာဖွေ တင်ပို့မှုများ လုပ်ဆောင်နေရခြင်း‌ဖြစ်ပြီးအဆိုပါ တိုက်ပွဲကာလအတွင်း ဆန်/ဆန်ကွဲ တင်ပို့မှုကို ထိခိုက်မှုမရှိဘဲ အခြားသစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုကိုသာ အဓိက ထိခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

" နယ်စပ်ကနေ ဆန်/ဆန်ကွဲ တင်ပို့တာက ကိုဗစ်ကာလမှာကတည်းက လျော့ကျသွားတာ။ တိုက်ပွဲမဖြစ်ခင်ထိကလည်း နယ်စပ်ကနေ ဆန်တင်ပို့မှုက အတော်လေးနည်းပါတယ်"ဟု ဦးရဲမင်းအောင်က ပြောသည်။

မြန်မာ - တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် ဆန်/ဆန်ကွဲတင်ပို့မှုသည် ကို‌ဗစ်-၁၉ စတင်ဖြစ်ပွားသည့် အချိန်မှစ၍ ကျဆင်းနေခြင်းဖြစ်ရာလက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် နယ်စပ်မှတရုတ်နိုင်ငံသို့တင်ပို့မှုလျော့ကျခြင်းမှာများစွာထိခိုက်ခြင်းမရှိခြင်းဖြစ်ကြောင်းသိရသည်။

MRF အနေဖြင့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ၊ ဇန်နဝါရီ စသဖြင့် ပို့ကုန်ကာလ (၆) လအတွင်း တစ်လလျှင် တန်ချိန် (၂) သိန်း ရောင်းချနိုင်မည်ဟု ဆိုထားသော်လည်း အောက်တိုဘာလအတွင်း တင်ပို့မှုလျော့နည်းခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်သည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်/ဆန်ကွဲ တန်ချိန် (၂.၅) သန်း ရောင်းချနိုင်ရေး ရည်မှန်းထားရှိပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ (၁) ဘီလီယံ ရရှိရန် မျှော်လင့်ထားကြောင်း သိရသည်။
Yangon_Times/NN
#Local_News
#Published 28 November 2023
#Yangon_Times #YMG_News #Yangon_Media_Group