၂၃ ဇူလိုင် ၂၀၂၄

ရုရှားနိုင်ငံရဲ့ ငွေချေစနစ် ဖြစ်တဲ့ Mir ကို မြန်မာနိုင်ငံမှာ အကန့်အသတ်နှင့်စတင်အသုံးပြုနေပြီလို့ မြန်မာနိုင်ငံအခြေစိုက်ရုရှား သံရုံးရဲ့ပြောကြားချက်ကိုကိုးကားပြီး TASS သတင်းဌာနကရေးသားပါတယ်။

မြန်မာနိုင်ငံမှာ အချို့သောစားသောက်ဆိုင်တွေနှင့် ဈေးဝယ်စင်တာတွေမှာရုရှားငွေချေကတ် Mir ကို အကန့်အသတ်နှင့် စတင် အသုံးပြုနေတာဖြစ်တယ်လို့ ရုရှားသံရုံးကပြောပါတယ်။

“ယခုလောလောဆယ်မှာ Mir card စနစ်ကို မြန်မာနိုင်ငံမှာရှိတဲ့ အချို့စားသောက်ဆိုင်တွေနှင့် ဈေးဝယ်စင်တာတွေမှာ ကန့်သတ်သုံးစွဲမှုတွေစတင်နေပါပြီ။ မကြာခင်မှာ ထပ်မံတိုးချဲ့အသုံးပြုနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။  ဒီလိုသုံးတဲ့ အတွက် ကမ္ဘာလှည့်ခရီးသွားတွေအတွက် အကျိုးရှိပါတယ်။ ပြီးတော့  မြန်မာနိုင်ငံမှာရှိနေကြတဲ့ ရုရှားနိုင်ငံသားတွေအတွက်လည်း နေရထိုင်ရ ပိုအဆင်ပြေပါလိမ့်မယ်” လို့ သံရုံးကပြောကြားပါတယ်။

မြန်မာနိုင်ငံဟာ ရုရှားရဲ့ Mir card ကိုသုံးစွဲတဲ့ ၁၃နိုင်ငံမြောက်ဖြစ်ပါတယ်။ အခြားသော နိုင်ငံ(၆)နိုင်ငံကလည်း အသုံးပြုနိုင်ဖို့ ဆွေးနွေးမှုတွေလုပ်ဆောင်ရေး အဆင်သင့်ဖြစ်နေကြကြောင်းသတင်းမှာဖော်ပြထားပါတယ်။

Source TASS