#LocalNews

Published - 18 Dec 2021

 

ကျန်းမာရေးဆိုင်ရာအကူအညီများ ပေးအပ်နိုင်ဖို့အတွက် ကချင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ KIOရဲ့ ထိန်းချုပ်နယ်မြေ လိုင်ဇာဒေသကို သွားရောက်ခဲ့တယ်လို့ ICRC ကထုတ်ပြန်လိုက်ပါတယ်။

 

ခရီးစဉ်အတွင်း ICRC အဖွဲ့က ကိုဗစ်-၁၉ရောဂါ တုံ့ပြန်ရေးကော်မတီရဲ့ ဒုတိယဥက္ကဋ္ဌ၊ KIO အဖွဲ့ အစည်းရဲ့ကျန်းမာရေးဌာန အကြီးအကဲနှင့် လိုင်ဇာဗဟိုအရပ်ဘက်ဆေးရုံမှ ဆေးရုံအုပ်တို့နဲ့ တွေ့ဆုံခဲ့ပြီး လိုင်ဇာဗဟိုအရပ်ဘက်ဆေးရုံနှင့် ဒေသအတွင်းရှိ ရောဂါစောင့်ကြပ်ကြည့်ရှုရေး အဆောက်အဦးများအား ကိုဗစ်-၁၉ အကူအညီများ ပေးအပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

"ဒီအချိန်မှာ လိုအပ်ချက်တွေအားလုံးကို မဖြည့်ဆည်းပေးနိုင်ပေမယ့် တတ်နိုင်သလောက် ကူညီပေးနိုင်လို ဝမ်းသာပါတယ်” လို့ အိုင်စီအာရ်စီရဲ့ ကျန်းမာရေးအရာရှိ ဒေါ်စန်းစန်းဌေးက ပြောပါတယ်။

 

ICRC အဖွဲ့သည် ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG) နဲ့အတူ လိုင်ဇာမြို့အနီးရှိ မိုင်းဆတ်ပါကျေးရွာရှိ ရောဂါစောင့်ကြပ်ကြည့်ရှုရန် သီးသန့်ထားရှိရာနေရာသို့ ယခုလတွင် သွားရောက်ကြည့်ရှုနိုင်ခဲ့ပြီး KIO ရဲ့ ကိုဗစ်-၁၉ ရောဂါတုန့်ပြန်ရေးကော်မတီကို ပံ့ပိုးကူညီပေးဖို့နဲ့ ကိုဗစ်-၁၉ ရောဂါ၏ သက်ရောက်မှုကို လျော့ပါးစေရန် ကူညီပေးနိုင်ခဲ့ကာ ထောက်ပံ့မှုများတွင် တစ်ကိုယ်ရည်သုံးရောဂါကာကွယ်ရေးပစ္စည်းများ (PPE)၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ၊ စောင်များ၊ ခေါင်းအုံးများ၊ ခြင်ထောင်များ၊ မြေရေစစ်အိုးများနဲ့ လက်ဆေးဘေစင်များ ပါဝင်တယ်လို့သိရပါတယ်။

 

တရုတ်နိုင်ငံ နယ်စပ်တွင် တည်ရှိသော လိုင်ဇာမြို့သည် ကိုဗစ်-၁၉ ကူးစက်မှုကြောင့် နိုဝင်ဘာလ ၂ ရက်နေ့မှ စတင်ကာ အသွားအလာကန့်သတ်ခံထားရပြီး မကြာသေးမီလများအတွင်း ထိုဒေသရှိ လူပေါင်း ၃,၀၀၀ ကျော်တွင် ကိုဗစ်-၁၉ ရောဂါကိုတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

#Yangon_Media_Group