၁၅ စက်တင်ဘာ ၂၀၂၄

နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် စက်တင်ဘာ ၁၅ ရက် မနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့မှုအခြေအနေများနှင့် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများကိုစစ်ဆေးကာ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးခဲ့ကြောင်းသိရှိရပါတယ်။

ဗိုလ်ချုပ်မှူးကြီးသည် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ပြည်ထောင်စုဝန်ကြီးများ တာဝန်ရှိသူများနှင့်အတူ ဆင်သေချောင်းအတိုင်း ရေတိုက်စားမှုကြောင့် ကားလမ်းဘေး ရေတိုက်စား  ပျက်စီးနေမှုများ၊ ကုန်တင်ကားကြီးများနှင့် ခရီးသည်တင်ယာဉ်များစောင့်ဆိုင်းနေရမှု အခြေအနေများကို ရှေးဦးစွာကြည့်ရှုစစ်ဆေးခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီနောက် ဗိုလ်ချုပ်မှူးကြီးသည် ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် နဝင်းချောင်းတံတား(အဆုံ)အား ယာယီ  ဘေလီတံတားထိုး၍ တည်ဆောက် ပြုပြင်နေမှု၊ကင်းသာရေထိန်းတမံအခြေအနေ၊ ကင်းသာလမ်းခွဲ နေရာ၌ ရေတိုက်စားမှု ကြောင့် လမ်းကြောင်းပျက်စီးနေမှုအခြေအနေများနှင့် သိုက်ချောင်းတံတား  (ဆင်သေချောင်းကူး)အားယာယီဘေလီတံတားထိုးခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကိုသွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါတယ်။

ရေကြီးရေလျှံမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရသည့် လမ်းတံတား နေရာများအား အများပြည်သူ သွားလာရေးအဆင်ပြေစေရန်နှင့် လမ်းပန်းဆက်သွယ်မှုမပြတ်တောက်စေရေး ပြန်လည်ပြုပြင်ခြင်းများ  ကို အမြန်ဆုံး ဆောင်ရွက်ပေးသွားရန်လိုကြောင်း၊ ယခုကဲ့သို့ မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီး   ရေလျှံမှုဖြစ်ပေါ်ခဲ့ချိန်တွင် တံတားများ ထိခိုက်ပျက်စီးခဲ့မှုအပေါ် သင်ခန်းစာယူ၍ တံတားများ

တည်ဆောက်ရာတွင် အရှိန်အဟုန်ဖြင့် ရေစီးဆင်းမှုဒဏ်ကို ခံနိုင်ရေးအတွက် စနစ်တကျ ထည့်သွင်း တွက်ချက်၍ ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားရန်မှာကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကင်းသာတမံကိုကြည့်ရှုစစ်ဆေးစဉ် ဗိုလ်ချုပ်မှူးကြီးက ကနဦးအနေဖြင့် အပျက်အစီးများ ရှင်းလင်း ခြင်းလုပ်ငန်းများနှင့် တမံဧရိယာပြန်လည်ဖော်ဆောင်ခြင်းလုပ်ငန်းများကို ဦးစွာဆောင်ရွက် သွားရန်နှင့် ထိုသို့ဆောင်ရွက်ပြီးမှသာလျင် ကျိုးပေါက်နေသည့်တမံနေရာများစနစ်တကျဖြင့်ပြန်လည်ပြုပြင်သွားရန်  မှာကြားခဲ့တယ်လို့လည်းသိရှိရပါတယ်။

#ymg/knl

UMAL1