၉ နိုဝင်ဘာ ၂၀၂၄

ထိုင်းနိုင်ငံ ကမ္ဘာလှည့်ခရီးသွားရဲတွေက ဆမွီးကျွန်းမှာ ကမ္ဘာလှည့်ခရီးသွားတွေကို ဝန်ဆောင်မှုပေးနေတဲ့ အလှ    ပြင်ဆရာနှင့် လက်သည်းခြေသည်းအလှပြင်သူ မြန်မာနိုင်ငံသားတော်တော်များများကို ဖမ်းဆီးလိုက်ပါတယ်။ ဘာဖြစ်လို့ဖမ်းဆီးရသလဲဆိုတော့ အဲဒီအလုပ်တွေဟာ ထိုင်းနိုင်ငံသားတွေပဲလုပ်ရမယ့် အလုပ်တွေလို့ သတ်မှတ် ထားလို့ဖြစ်ပါတယ်လို့ ဆိုပါတယ်။

ဆူရတ်သနီပြည်နယ် ခိုဆမွီးခရိိုင်က မာရက်အရပ်က လက်သည်းခြေသည်းအလှပြင်ဆိုင်တစ်ဆိုင်ကို နိုဝင်ဘာ ၈ ရက်က ဝင်ရောက်စစ်ဆေးစဉ်  နိုင်ငံခြားခရီးသွားတွေကို ခြေသည်းလက်သည်းအလှပြင်ပေးနေတဲ့ နိုင်ငံခြားသား ငါးဦးကိုတွေ့ရှိဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲဒီ ၅ ဦးစလုံးဟာ မြန်မာနိုင်ငံကဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိတဲ့ငါးဦးဟာ မြန်မာနိုင်ငံက အမျိုးသမီး (၃)ဦးနှင့် အမျိုးသား (၂)ဦးတို့ဖြစ်ကြပါတယ်။ အသက် ၂၈ နှစ်အရွယ် ပွင့်၊ အသက် ၂၉နှစ်အရွယ် ဇဝါ၊ အသက် ၂၄နှစ်အရွယ်ခင်ဆိုတဲ့ အမျိုးသမီးတွေဖြစ်ပြီး အမျိုးသားနှစ် ဦးကတော့ အသက် ၂၂နှစ်အရွယ် မော် နှင့် အသက် ၂၉နှစ်အရွယ် ဝင်း တို့ဖြစ်ကြတယ်လို့သိရပါတယ်။

အဲဒီထဲက ဇဝါ၊ မော်တို့ဟာ တရားမဝင် ဝင်ရောက်မှုနှင့်ပါ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

သူတို့အားလုံးကို ဘိုဖွတ်ရဲဌာနသို့ ခေါ်ဆောင်သွားပါတယ်။

ယခုတစ်ပတ်ထဲမှာ ကမ္ဘာလှည့်ခရီးသွားရဲတွေ၊ လူဝင်မှုကြီးကြပ်ရေးရဲတွေနှင့် ဒေသအလိုက် ရဲတပ်ဖွဲ့တွေဟာ ထိုင်းရဲချုပ် ရဲဗိုလ်ချုပ်ကြီး ကစ်ရက်ပန်ဖက်ထံမှ  ကဏ္ဍ(၁၀)ခုထဲပါဝင်နေတဲ့ နယ်စပ်ဖြတ်ကျော်မှုခင်းတွေနှင့် တရားမဝင်အလုပ်သမားတွေကို နှိမ်နှင်းဖို့ အမိန့်ရရှိခဲ့ကြပါတယ်။

အဲဒီ ကဏ္ဍ (၁၀)ခုကတော့

၁။ ခရီးသွားလုပ်ငန်းနှင့် ဧည့်လမ်းညွှန်ဥပဒေကိုချိုးဖောက်တဲ့ အရည်အသွေးနိမ့် ခရီးသွားလုပ်ငန်း

၂။ အရည်အသွေးမမီပစ္စည်းတွေနှင့် ဝန်ဆောင်မှုတွေကို ဈေးကြီးကြီးနှင့် လိမ်ညာရောင်းချတဲ့လုပ်ငန်း

၃။ ယာဉ်နှင့်ဆက်စပ်ဆောင်ရွက်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေကိုခေါင်းပုံဖြတ်တဲ့လုပ်ငန်း

၄။ တရားမဝင်ဖျော်ဖြေရေးလုပ်ငန်း

၅။ ယာဉ်ကြောစီမံခန့်ခွဲတဲ့လုပ်ငန်း

၆။ ကမ္ဘာလှည့်ခရီးသွား နေရာတွေမှာ မူးယစ်ဆေးဝါးရောင်းချခြင်းလုပ်ငန်း

၇။ နယ်စပ်ဖြတ်ကျော်မှုခင်းများနှင့်တရားမဝင်ဝင်ရောက်ခြင်း

၈။ မတော်တဆထိခိုက်မှုနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအန္တရာယ်ကင်းရှင်းရေး စံနှုန်းများ

၉။  ကမ္ဘာလှည့်တွေအပေါ် ထိခိုက်တဲ့ မှုခင်းကြီးများ

၁၀။ ကမ္ဘာလှည့်ခရီးသွားနေရာတွေမှာ လူသိများပုဂ္ဂိုလ်တွေက လက်နက်တွေကိုင်ဆောင်ခြင်း

#ymg/knl